Download as pdf or txt
Download as pdf or txt
You are on page 1of 8

“ကျောင်းသားတွေ၊ လူငယ်တွေကိုပြောပြချင်တဲ့ ရှစ်လေးလုံး

အရေးတော်ပုံကြီးအကြောင်း”

မောင်ကျောင်းသား

(၁)

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့တာ ၂၂-နှစ်ရှိပါပြီ ။ဗမာပြည်မှာက ပြည်သူကို အနိုင်အထက်ပြု အုပ်စိုးနေ တဲ့


စစ်အာဏာရှင်တွေက သမိုင်းတွေကိုဖျောက်ဖျက်ပစ်တာ၊ သမိုင်းမှားတွေ လုပ်ပစ်တာမျိုးတွေရှိနေတဲ့ အတွက် -ဒီ၂၂-
နှစ်တာကာလမှာမှ မွေးဖွားခဲ့တဲ့သူတွေနဲ့ အဲဒီအချိန်က မူလတန်းအောက်မှာပဲရှိဦးမဲ့လူငယ်တွေ၊ ကျောင်းသား တွေ
အများစုဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ သမိုင်းဖြစ်ရပ်မှန်တွေကို မသိကြရပါဘူး ။

အာဏာရှင်တွေက ဒီလောက်၂၂နှစ်တာကာလမဆိုထားနဲ့ နေ့စဉ်ဖြစ်နေတဲ့အခြေအနေတွေကိုတောင် ပြည်သူတွေ


သတင်းမှန်ဖြစ်ရပ်မှန်မသိအောင် ဖျောက်ဖျက်လိမ်ညာဖုံးကွယ်နေတာပါ ၊ အားလုံးလက်လှမ်းတမှီရှိမဲ့ ရွှေဝါရောင်
တော်လှန်ရေးလို့တင်စားကြတဲ့၊၂၀၀၇စက်တင်ဘာက သံဃာတော်တွေ မေတ္တာပို့စီတန်းလမ်းလျှောက် ပွဲကိုတောင်
သံဃာအတု အယောင်တွေက လုပ်တာပါ ဆိုတာမျိုး ဒီသုံးနှစ်နီးပါးသာရှိသေးတဲ့ကာလတိုလေးက ဖြစ်စဉ်ကို တောင်
လိမ်ညာ ဖျက်ဆီးနေတာပါ ။

ဘာဖြစ်လို့လဲ ! သူတို့ ,သမိုင်းတွေကို ဘာကြောင့်ဖျက်ဆီးချင် ထိမ်ချန်ဖုံးကွယ်ချင် လိမ်ညာချင် နေရတာလဲ !


ရှစ်လေးလုံးအရေးတော်ပုံကြီးအပါအ၀င် သမိုင်းဖြစ် စဉ်တွေထဲမှာ ကြက်သီးမွှေး ညှင်းထလောက်အောင် စိတ်ဓါတ်
တက်ကြွ အားကျအတုယူစရာကောင်းတဲ့ ကျောင်းသားတွေ ပြည်သူတွေရဲ့ ရဲရင့်မှုတွေ ၊ တောက်ခေါက်ဒေါသထွက်
မချိတင်ကဲဖြစ် ၊ ခံပြင်းနာကျည်းသွားစေမဲ့ အာဏာပိုင်တွေရဲ့ရက်စက်ယုတ်မာမှုတွေ ၊ အပြစ်မဲ့လက်နက်မဲ့
ကျောင်းသားပြည်သူတွေ ရဟန်းသံဃာတွေကို စစ်မြေပြင်တခုလို နံပါတ်တုတ်တွေနဲ့ရိုက် ၊ဘက်နက်နဲ့ထိုး၊ သေနတ်
နဲ့ပစ်၊ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ ရက်ရက် စက်စက် ညှင်းပန်းနှိပ်စက်လုပ်နေတဲ့ ကြေကွဲ
ဝမ်းနည်းစရာ သွေးအလိမ်းလိမ်းမြင်ကွင်းတွေ ရှိနေပြီး သူတို့ကို အစဉ်သဖြင့်စိတ်ခြောက်ခြားနေစေလို့ပါ ။ သမိုင်း
တွေကို ပြည်သူတွေပြန်အမှတ်ရနေရင် ၊ နောင်လာနောက်သား တွေသိရင် မတရားသဖြင့်အနိုင်ကျင့်ရယူထားတဲ့
သူတို့အာဏာကုလားထိုင်ကို ကိုင်လှုတ်လာနိုင် တယ်လို့ အမြဲတမ်းတွေးကြောက်နေတာကြောင့် သမိုင်းတွေကို
ဖျောက်ဖျက်လိမ်ညာ ထိမ်ချန် ဖုံးကွယ်နေတာပါ ။

ကဗျာလေးတပုဒ်ရှိပါတယ်၊ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က န၀တ(နိုင်ငံတော်ငြိမ် ၀ပ်ပိပြားမှုတည်


ဆောက်ရေးအဖွဲ့)အမည်ခံအာဏာသိမ်းအပြီး ၊ သူတို့ကိုးကွယ်တဲ့ ဗေဒင်ဆရာ ညွှန်ကြားချက်အတိုင်း သွေးညှီနံ့
လွှမ်းနေတဲ့အတိတ်ဆိုးတွေအတွက် မြို့တိုင်းလမ်းမကြီး တိုင်းက ခြံစည်းရိုးတွေကိုထုံးသုတ်ဘို့ အမိန့် ထုတ်တဲ့ အချိန်
ထွက်လာတဲ့ “သွေးမော်ကွန်း”ဆိုတဲ့ ကဗျာ လေးပါ ၊ ဘယ်သူရေးမှန်းမမှတ်မိတော့ပါဘူး ၊ “သမိုင်းသစ်ရေး…၊
ငါတို့သွေးကို….၊ ထုံးဖြူဆေးသုံး…၊ ဖျောက်ဖျက်ဖုံးလဲ……..၊ မဆုံးကမ္ဘာတည်လိမ့်မည်……”တဲ့ ။ ကနေ့ထိ ရင်ဘတ်
ထဲစွဲကျန်နေတဲ့ အဲဒီကဗျာလေးလိုပါပဲ ၊ သမိုင်းတွေကို ဘယ်လိုနည်းလမ်းတွေနဲ့မှ ဖျောက်ဖျက် ဖုံးကွယ်လို့မရဘူး
ဆိုတာ အာဏာရှင်တွေ သိနေလောက်ပါပြီ် ။

(၂)

ရှစ်လေးလုံးအရေးတော်ပုံကြီးကို စကားလုံးအရအမျိုးမျိုးပြောကြပါတယ် ၊ ရှစ်ဆယ့်ရှစ် အရေးအခင်း ၊


၁၃၅၀ပြည့်အရေးတော်ပုံ ၊ ရှစ်လေးလုံးအရေးတော်ပုံ ၊ ရှစ်ဆယ့်ရှစ်သပိတ်တိုက်ပွဲ စသဖြင့်ပြောကြပြီး ၊ နောက်ပိုင်းမှာ
အရေးအခင်းဆိုတဲ့စကားလုံးက န၀တလိုစစ်အာဏာရှင် တွေ က တန်ဘိုးပေါ့သွားအောင်သုံးတာ ၊ သာမန်ဆန်တယ် ၊
အရေးတော်ပုံဆိုတာက အကြောင်းရာ ကြီးဖြစ်တယ်နဲ့ပြောကြရင်း နောက်ပိုင်းတော့ ရှစ်လေးလုံး အရေးတော်ပုံကြီး
လို့ပဲ အားလုံးကအသိအမှတ်ပြု သုံးနှုန်းခဲ့ကြပါတယ် ။

ဘယ်လိုပဲပြောပြော ဗမာ့သမိုင်းရောကမ္ဘာ့သမိုင်းမှာပါ အံ့သြစိတ်လှုပ်ရှားစရာကောင်းတဲ့ ဘာသာစုံ ၊ လူမျိုးစုံ ၊


အလွှာစုံ ၊လူထုအုံကြွမှုကြီး ၁၉၈၈ခုနှစ်မှာ ဗမာ နိုင်ငံနေရာ အနှံ့ဖြစ်ပေါ်ခဲ့ တယ်ဆိုတာနဲ့ အဲဒီအုံကြွမှုကြီးကို
ကျောင်းသားတွေအသေခံဦးဆောင်ခဲ့ကြတယ်ဆိုတဲ့ သမိုင်း ဖြစ်ရပ်တွေကို နောင်လာနောက်သားတွေ အမှန်အတိုင်း
သိရှိကြဘို့က အဓိကဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပေါ်လာစေတဲ့ ဆင့်ကဲဖြစ်စဉ်တွေမှာ အဓိက, က အဲဒီအချိန်မှာ နှစ်၄၀သက်


တမ်းရှိနေပြီဖြစ်တဲ့ ၁၉၄၈=ခုနှစ်လွတ်လပ်ရေးရပြီး ထဲကဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်မီးပဲ ဖြစ်ပါတယ် ။
ဦးနုနဲ့ဦးနေ၀င်းအပါအ၀င် တိုင်းပြည်အုပ်ချုပ်ခဲ့သူတွေက ပြည်သူတွေ အပေါ်စေတနာ မမှန်ခဲ့ဘူး ၊ လက်နက်ကိုင်
ပုန်ကန်ကြတဲ့ တိုင်းရင်းသားတွေ ၊ အဖွဲ့စည်းတွေကို မျှမျှတတဆွေးနွေး ပြည်တွင်းငြိမ်းချမ်းရေးတည် ဆောက်ရမယ့်
အစား စစ်ပွဲတွေကိုပဲဖန်တီးမွေးမြူပြီး နိုင်ငံ့ဘဏ္ဍာငွေ တွေကို စစ်သုံးစရိတ်ခေါင်းစဉ်တွေပြ ၊ ကိုယ့်မိသားစုကြွယ်ဝ
ချမ်းသာရေးတွေပဲလုပ်ခဲ့ကြလို့ ၊ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် လို့ဖြစ်လာတဲ့အထိ ပြည်သူတွေ ဖွတ်ဖွတ်ညက်
ညက် ကျေမွဲတေ စေခဲ့တာကြောင့်နဲ့ ၊ နိုင်ငံ့ခေါင်းဆောင်ပိုင်းက ကိုယ်ကျိုးစီးပွားရှာ အဂတိလိုက်စား မှုရဲ့ နောက်
ဆက်တွဲ ဥပဒေမဲ့မှု ၊ မတရားအနိုင်ကျင့်မှုတွေ အောက်ခြေအဆင့်အာဏာပိုင်တွေအထိ အဆင့်ဆင့် ကျူး လွန်လာ
ခဲ့ကြတာကြောင့် ပြည်သူတွေမျိုသိပ်ခံစားခဲ့ရတဲ့ နာကျည်းမှုတွေက ရှစ်လေးလုံး အရေးတော်ပုံကြီး အဖြစ်ပေါက်ကွဲ
ထွက်ခဲ့တာပဲဖြစ်ပါတယ် ။

ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ) ၊ KNU ၊ KIA ၊ SSA ၊ စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့မျိုး စုံနဲ့ ပြည်တွင်း


စစ်မီးအရှိန်ကိုမြင့်စေခဲ့တာက အဲဒီပြည်တွင်းစစ်နဲ့ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေကိုအကြောင်းပြပြီး (၁၉၆၂
ခု မတ်လ ၂ ရက်)နေ့မှာ တော်လှန်ရေးကောင်စီ အနေနဲ့ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့ စစ်ဝါဒီ တွေကြောင့်ပဲ
ဖြစ်ပါတယ် ၊ အယောင်ဆောင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီး ပြည်တွင်းစစ်အဟုန်မြင့် တက်ခဲ့သလို
စစ်တပ်သြဇာ ထူထောင်လိုမှု တွေကြောင့် ၁၉၆၂ -7JULY ကျောင်းသားသတ်ပွဲနဲ့ ကျောင်းသားသမဂ္ဂ အဆောက်
အဦဖြိုဖျက်တာ ၊ ၁၉၇၄ ဇွန်အလုပ်သမားအရေးအခင်းကို ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၄ ဒီဇင်ဘာမှာ ဦးသန့်
ဈာပနစီစဉ်သူ ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၆ မတ်လ၂၃ ရက်နေ့ သခင်ကိုယ်တော်မှိုင်း
ရာပြည့်ပွဲမှာ ကျောင်းသားတွေကို ပစ်ခတ် သတ်ဖြတ်နှိမ်နှင်းတာ စတဲ့ ပြည်သူတွေ ကျောင်းသားတွေအပေါ် လက်နက်
အားကိုးအကြမ်းဖက် ဖြေရှင်းမှုတွေကို ကျူးလွန်ခဲ့ပါတယ် ။
အဲဒီဖြစ်စဉ်တွေမှာ အံကြိတ်ခံခဲ့ရတဲ့ ကျောင်းသားတွေပြည်သူတွေရဲ့ လက်ဆင့်ကမ်းနှိုးဆော်မှု တွေက ရှစ်လေး
လုံးအရေးတော်ပုံကြီးဖြစ်လာဘို့ အကြောင်းချက် တွေ ဖြစ်ပါတယ် ၊ အနီးစပ်ဆုံး အကြောင်းအရာကတော့ ပြည်တွင်း
စစ်ကြောင့် စစ်သုံးစရိတ်တွေများခဲ့သလို ကိုယ်ကျိုးစီးပွားရှာမှု တွေကြောင့် စီးပွားရေးချွတ်ခြုံကျ၊ ငွေကြေးမတည်မ
ငြိမ်ဖြစ်လာတဲ့အပေါ် တစ်ရာတန် ၊ နှစ်ဆယ့်ငါး ကျပ်တန် ၊ သုံးဆယ့်ငါးကျပ်တန် ၊ ခွန်နှစ်ဆယ့် ငါးကျပ်တန် ငွေစက္ကူ
တွေကို တရားမ၀င်တော့ ကြောင်း (၁၉၈၇ စက်တင်ဘာလ ၅ ရက်နေ့မှာ)ကြေငြာလိုက်တာ ပါပဲ ။
အဲဒီအချိန်ထိုးတက်သွားတဲ့ ကုန်ဈေးနှုန်းအခြေအနေနဲ့ လက်ထဲငွေမရှိတော့မှု ဆိုတဲ့ပြဿနာက ပြည်သူတွေ
အတွက် အဆိုးရွားဆုံး ဆင်းရဲမွဲတေမှုဖြစ်လာပြီး နာကျည်းမှုတွေ ပေါက်ကွဲပွင့် အံထွက်ဘို့ အခြေပြု လာပါ တယ် ။

အာဏာပိုင်တွေရဲ့ မတရားသဖြင့်ဥပဒေတွေ ၊ အမိန့်အာဏာတွေတိုင်းကို ရှေ့ကနေ ဦးဆောင်ဆန့် ကျင်တာ


ကျောင်းသားတွေပဲဖြစ်ပါတယ်၊ ဒါ့ကြောင့် တော်လှန် ရေးကောင်စီကနေ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ (မဆလ)
အမည်ခံအုပ်စိုးခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့စစ်ဝါဒီတွေရဲ့ ရန်ဘက်သဖွယ် အညှိုးထားတာခံရပါတယ် ။
ငွေစက္ကူတွေတရားမ၀င်ကြောင်းကြေငြာချိန် မာစဒါဂျစ်ကား မီးရှို့ ဆန္ဒပြခဲ့တဲ့ စက်မှုတက္ကသိုလ် (RIT)ကျောင်း သား
တွေကိုအညှိုးထားမှုကနေ ကျောင်းသားနဲ့အရပ် သားဖြစ်တဲ့ရန်ပွဲအကြောင်းပြပြီး (၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ည)
ရန်ကုန်စက်မှုတက္ကသိုလ် (RIT)ကျောင်းဝန်းထဲ လုံထိန်းရဲတွေနဲ့ စစ်မြေပြင်တခုလိုပစ်ခတ်ခဲ့တဲ့ အတွက် RIT
ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့သေဆုံးပြီး ကျောင်းသားအများအပြား ထိခိုက်ဒါဏ်ရာရခဲ့ ကြပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် “ဒါး ဒါးချင်း လှံ လှံချင်းယှဉ်ယုံပဲ”လို့ ပြည်သူတွေကို စိန်ခေါ်ခဲ့တဲ့ ၊ “ဆူဆူပူပူ လုပ်ရင်တော့


စစ်တပ်ကိုသုံးရင် မသက်သာဘူးသာ မှတ်ကြပေတော့ ၊ စစ်တပ်ဆိုတာ ပစ်ရင်မိုး ပေါ်ထောင်မပစ်ဘူး ”
လို့ ခြိမ်းခြောက်ခဲ့တဲ့စစ်အာဏာရှင်တွေအပေါ် ကျောင်းသားတွေရဲ့ ဆန့်ကျင် အုံကြွမှုတွေ ဆက်တိုက်ဖြစ်လာ ပါတော့
တယ် ။ ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ကနေ ၊ လှိုင်တက္ကသိုလ်(RC2)၊ ရန်ကုန်တက္ကသိုလ်(Main) ၊ ဆေးတက္ကသိုလ်
စတဲ့ကျောင်းတွေကို ချက်ခြင်းကူးစက်သွားပြီး “ဖမ်းဆီးကျောင်းသားပြန်လွတ်ရေး ၊ သေဆုံးမှု ဖြစ်စဉ်အမှန် ကြေငြာ
ရေး ” ဆိုတဲ့တောင်းဆိုမှုတွေနဲ့ ဆန္ဒပြပွဲတွေဖြစ်လာပါ တော့တယ် ။

စစ်အာဏာရူးအရိုင်းတွေကတော့ လူသတ်ပွဲတွေဆက်လက်ကျူးလွန်ခြင်းနဲ့သာ တုန့်ပြန်လိုက်ပါ တယ်၊ မတ်လ ၁၆


ရက် အင်းလျားကန်(တံတားဖြူ)မှာ ဆန္ဒပြ ကျောင်းသားတွေကို ဘက်နက် နဲ့ထိုး ၊ နံပါတ်တုတ်တွေနဲ့ရိုက် ၊ စစ်ဖိနပ်
နဲ့နင်းတာတွေကြောင့် တံတားနီလို့ပြောင်း လဲတင်စား ခေါ်ရလောက်အောင် သွေးချင်းချင်း နီခဲ့ရပါတယ် ၊
အဲဒီနေရာမှာ အသက်တွေစတေးခဲ့ရသလို မဆန့်မပြဲကြပ်သိပ်နေအောင်ဖမ်းတင်သွားတဲ့ အချုပ်ကားပြာကြီး တွေပေါ်
အသက်ရှူကြပ် မွန်း သေသွား သူတွေ ရှိလာခဲ့ပါတယ် ။ အဲဒီအတွက် ကျောင်းသားတွေကလဲ အသတ်ခံ ၊ အဖမ်းခံပြီး
ဆန္ဒပြပွဲတွေ ရဲရဲရင့်ရင့်ဆက်လုပ်ခဲ့တာကြောင့် ဇွန်လ အထက်တန်း ကျောင်းတွေဖွင့်တဲ့အချိန်မှာ အခြေခံပညာ
ကျောင်းသားတွေပါဝင်လာကြတဲ့အထိ ကူးစက်ခဲ့ပါတော့တယ် ။

ရန်ကုန်တက္ကသိုလ်ထဲမှာ နေ့စဉ်လိုတရားဟောပွဲတွေရှိလာပြီး ကျောင်းသားတွေကြားထဲ ကျောင်းသား သမဂ္ဂ


ရှိခဲ့ဘူးတယ် ၊ ကျောင်းသားသမဂ္ဂဖျက်ဆီးခံခဲ့ရတာ ကြောင့် ကျောင်းသား အခွင့်အရေးတွေဆုံးရှုံးနေရတာ ဖြစ်တယ်
ဆိုတာမျိုး ခံစားသိရှိလာကြပါတယ် ၊ “ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး-ဒို့အရေး ၊ ဖမ်းဆီး ကျောင်းသား ပြန်လွတ်ရေး -
ဒို့အရေး” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြချီတက်လာတဲ့ကျောင်းသား အုပ်(အများစုအထက်တန်း ကျောင်းသား
တွေ)နဲ့ လုံထိန်း တွေရဲ့ရိုက်ပွဲ (ဇွန်၂၁ မြေနီကုန်း)ဟာ ပြည်သူတွေပါ ပါဝင်လာစေတဲ့ ကျောင်းသား အရေးအခင်းက
နေ လုထုအရေးအခင်းကိုကူးပြောင်းသွားတဲ့ ပွဲဖြစ်ပါတယ်။
အဲဒီလိုကျောင်းသားထုလှုပ်ရှားမှုတွေနဲ့ ဆင့်ကဲဖြစ်စဉ်တွေကနေ ရှစ်ဂဏန်းလေးလုံးစုံတဲ့နေ့မှာ တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ လူထုလူတန်းစားအသီးသီးက မဆလ (တစ်ပါတီအာဏာရှင်စနစ်) ကိုဖြုတ်ချကြရအောင်ဆိုတဲ့
ကြေငြာချက်တွေ ၊လှုံ့စော်စာတွေ ပေါ်ထွက်လာပြီးတဲ့နောက် ရှစ်လေးလုံးအရေးတော်ပုံကြီးလို့ ဖြစ်ပေါ်လာ ခဲ့တာ
ဖြစ်ပါတယ် ။

(၃)

သပိတ်…သပိတ် - မှောက် …မှောက်

ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး - ဒို့အရေး …ဒို့အရေး

ဖမ်းဆီး ကျောင်းသားပြန်လွတ်ရေး - ဒို့အရေး …ဒို့အရေး

ကုန်ဈေးနှန်းကျဆင်းရေး - ဒို့အရေး …ဒို့အရေး

တပါတီစနစ် - အလိုမရှိ ..အလိုမရှိ

အရေးတော်ပုံ - အောင်ရမည် …အောင်ရမည် ..။

အဲဒီလိုကြွေးကြော်သံတွေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စခဲ့တာပါ ။ ရန်ကုန်အနေနဲ့ကတော့ သြဂုတ်လ


၈ရက်(ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်)မှ စတာမဟုတ် ပါဘူး ၊ မတ်လကစတဲ့ ကျောင်းသား လှုပ်ရှားမှုတွေကနေ ၊ ဇွန် ၊
ဇူလိုင် ၊ သြဂုတ် ဆက်တိုက်ဖြစ်လာခဲ့တာပါ ၊ ဇွန်လနဲ့ ဇူလိုင်လတွေမှာ ဆိုရင် အထူးသဖြင့် အထက်တန်း ကျောင်း
တွေမှာ ဆန္ဒပြမှုတွေဆက်တိုက်လိုဖြစ်နေခဲ့တာပါ ။ ဟိုမြို့နယ် ဒီမြို့နယ် ဟိုကျောင်း ဒီကျောင်း ဟိုနေရာ ဒီနေရာ
စသဖြင့် နေရာ ကွက်ကြားဆန္ဒပြပွဲ တွေ ဖြစ်နေပြီး ပြည်သူတွေပါ (ရန်ကုန်တမြို့လုံးလို)ပါလာတာက ၃.၈.၈၈ နေ့ပါ ။

အဲဒီနေ့က ကန်တော်ကြီးပန်းခြံဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ မနက်ရှစ်နာရီကျော်လောက်ကျောင်းသား တွေစုရုံးကြပြီး


နတ်မောက်ကျောင်း(စက်မှုလက်မှုအထက်တန်း ကျောင်း)ရှေ့ကနေ ကားတွေတား ချောဆွဲ ဆူးလေကို မောင်း
ခိုင်းကြပါတယ် ၊ မြို့တော်ခန်းမရှေ့ကားတွေရပ်ပြီး သပိတ်…သပိတ် - မှောက် …မှောက် လို့ ပြေးဆင်း ကြွေးကြော်
လိုက်တဲ့အချိန် လူတွေ ..ပျားအုံကြီးကိုတုတ်နဲ့ဆွလိုက သလို ၀ိုင်းအုံလာလိုက်တာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါ မှ
မကြုံဘူးတဲ့အဖြစ်ပါပဲ ၊ ကုန်ဈေးနှန်း ကျဆင်းရေး - ဒို့အရေး …ဒို့အရေး လို့ကြွေးကြော်ရင်း ကျွန်တော် တို့ပြည်သူ
တွေအတွက် တိုက်ပွဲ ၀င်နေပါပြီ ၊ လက်ခုတ်တီးပြီးအားပေးကြပါ အော်တော့ တီးလိုက်ကြတဲ့လက်ခုတ်သံတွေ ၂၆ နှစ်
အောင့်ထားမျိုသိပ်ထားခဲ့ရသမျှ ဖွင့်ဟအားပေးလိုက်ကြတာ..၊ ဓါတ်ပုံရိုက်ရင်ကာဘို့ ၊ မျက်ရည် ယိုဗုံး နဲ့ ပစ်ရင်
ကာဘို့ ၊ လက်ကိုင်ပုဝါလေးတွေပေးကြပါတောင်းတော့ တိုက်တွေပေါ်ကနေတောင် ပစ်ချပေးကြတာ ။ လေထဲမှာ
လက်ကိုင်ပုဝါလေးတွေဝဲလို့ ၊ ပြည်သူတွေရဲ့တခဲနက် အားပေးမှုက ပြန်တွေးတိုင်း ၊ ကြက်သီး မွှေးညှင်း ထရလောက်
အောင်ပါပဲ ။

မတရားမှုတွေများလွန်းလို့ ဆင်းရဲမွဲတေလွန်းလို့သာ ဆန္ဒပြအုံကြွခဲ့ကြတာဖြစ်ပြီး ပြည်သူတွေနဲ့ ကျောင်းသား တွေ


(အများစု)က နိုင်ငံရေးနားလည်လို့မဟုတ်ပါဘူး၊ ဘာတွေတောင်းဆိုရမလဲ တောင်မသိကြပါဘူး ၊ နေ၀င်းနဲ့ မဆလ
အစိုးရပြုတ်ကျဘို့ပဲ သိကြတာပါ ။ အဲဒီအချိန်မှာ --ဗိုလ်ချုပ်စိန်လွင်(1962 ၊ 7 July ကျောင်းသား သတ်တပ်ရဲ့
တပ်ရင်းမှုး)သမတဖြစ်နေတော့ “ဆန်တပြည်၁၅ကျပ် စိန်လွင် ခေါင်းကိုဖြတ် ” “ဆန်တပြည်၁၅ပြား နေ၀င်း သေမှစား”
“စိန်လွင် ခြောက်တန်း တစောက်ကန်း စောက်ရမ်းမလုပ်နဲ့” ဆိုတာမျိုးတွေလဲ အော်ကြပါတယ် ။ တပါတီစနစ် -
အလိုမရှိ ..အလိုမရှိ အော်နေကြပေမဲ့ တပါတီစနစ်ကပဲမကောင်းတာလား ၊ အာဏာ ရှင်စနစ်ကပဲ မကောင်းတာလား ၊
ဒီမိုကရေစီဆိုတာဘာလဲ မသိကြသေးပါဘူး ။

“အဲဒီနေ့က မုန်တိုင်းဆင်မဲ့ကောင်းကင်ပြင်တခုလိုပဲ ၊ လူလှိုင်းတွေတလိမ့်လိမ့် ၊ ဟစ်ကြွေးသံ တွေ တချိမ့်ချိမ့်နဲ့


မြေမိုးပွက်လျံသိမ့်သိမ့်ညံခဲ့ ၊ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် တဲ့ ၊ ခေတ်တခေတ်ကို ထုဆစ် ပေတော့မည် ” မုန်တိုင်း၈၈
ဆိုတဲ့ကဗျာအစပိုဒ်လေးလိုပါပဲ ၊ ရှစ်လေးလုံးနေ့မှာတော့ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ အုံကြွဆန္ဒပြခဲ့ကြပါတယ် ၊
ရန်ကုန်မှာတော့ ကမ္ဘာအေးဘုရား လမ်းမကြီးပေါ် ၊ ခုဆီဒိုးနားနဲ့ က္ကိုင်းလမ်းဆုံကြား ကားလမ်းတခြမ်း စစ်ကား တန်း
လက်နက် မျိုးစုံနဲ့စောင့်နေတာကို စတင်တွေ့ရပြီး ပြည်သူတွေက “ပြည်သူ့စစ်သား ဒို့စစ်သား ၊ ပြည်သူ့ တပ်မတော်
ဒို့တပ်မတော်” လို့ ဟစ်အော်ကြပါတယ် ၊ တချို့ကျောင်းသားငယ်တွေက ထိုင်ကန် တော့ကြပါတယ် ။
ညဆယ့်တစ်နာရီခွဲဝန်းကျင်မှာတော့ မြို့တော်ခန်းမရှေ့မှာ ရန်ကုန်မြို့မီး အမှောင် ချပြီး ပစ်ခတ် သတ်ဖြတ်တဲ့ပွဲကြီး
စပါတော့တယ် ၊ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကိုင်ထားတဲ့ဆယ့်လေး ငါးနှစ် လောက်ကျောင်းသူလေးရဲ့ခေါင်း ဂျီ3
မောင်း ပြန်ပြင်းအားကြောင့် ပွင့်ထွက်သွားပြီး လက်နက်မဲ့ လူအုပ်ကြီး သွေးသံအရဲရဲ အလဲလဲ အပြိုပြိုဖြစ် ကုန်ပါ
တော့တယ် ။

အစွမ်းကုန်ရက်စက်ပြပစ်ခတ်သတ်ဖြတ်ပြလိုက်လို့ ကျောင်းသားတွေနဲ့လူထုကြီးရဲ့ ဆန္ဒပြသပိတ် မှောက်အုံကြွ မှုတွေ


ရပ်မသွားပါဘူး ၊ စစ်တပ်ကလဲ ထပ်ထွက် ထပ်ပစ်တာပါပဲ ၊ မခံမရပ်နိုင် ပေါက် ကွဲလာတဲ့ လူထုကြီးက တော့
တောင်ဥက္ကလာနဲ့မြောက်ဥက္ကလာတွေမှာ ရဲတွေကို ခေါင်းဖြတ်သတ် တာမျိုး ပြန်ခံချကြပါတယ် ၊ ၉ရက် ၁၀ ရက် ၁၁
ရက် ၁၂ ရက်နေ့တွေ တောက် လျှောက်ပစ် လိုက်တာ ရန်ကုန်ဆေးရုံကြီးဝန်းထဲတောင်မချန်ပစ်ထဲ့လို့ ဆရာဝန်တွေပါ
သေဆုံးခဲ့ ကြရပါတယ်။ တနေရာထဲမှာ အစုလိုက်အပြုံလိုက်ပစ်သတ်ခံရမှုမှာ ကျောင်းသား ၊ ရဟန်း ၊ ယောက်ကျား ၊
မိန်းမ ၊ ကလေး အားလုံးလူသုံးရာကျော် အလောင်းချင်းထပ် နေအောင်ပစ်သတ်ခံခဲ့ ကြရတဲ့ စစ်ကိုင်းမြို့က အဆိုးဆုံး
လို့ပြောကြပါတယ် ။

ဘယ်လောက်ပစ်ပစ် အသေခံတိုက်မယ်ဆိုတဲ့ ကျောင်းသားတွေနဲ့လူထုကြီးရဲ့စိတ်ဓါတ်ကို စစ်ဝါဒီ တွေအရှုံးပေး


နည်းဗျူဟာပြောင်းရပါတော့တယ် ၊ ၁၂ ရက်နေ့ ည မှာ စိန်လွင်အနားယူပြီဖြစ် ကြောင်း ကြေငြာပြီးသေနတ်သံ တွေ
ရပ်သွားပါတော့တယ် ။ နိုင်ငံတော်သမတအဖြစ် ဒေါက်တာ မောင်မောင်တက်လာပေမဲ့ မြို့တိုင်း မှာ သပိတ် စခန်း
တွေဖွင့်ပြီး ကိုယ့်အုပ်ချုပ်ရေးနဲ့ကိုယ် လုပ်ကြ ပါတယ် ၊ ကိုယ့်ဘာသာတရားစီရင်ကြပါတယ် ၊ ဆန္ဒပြသူ တွေ သောက်
မဲ့ရေအိုးကိုအဆိပ်ခတ်တာ ၊အသိပျောက်စေတဲ့ထုံဆေးမူးယစ်ဆေးတွေထိုးပေးပြီး သံဃာတွေ ကျောင်းသား တွေကို
သတ်ခိုင်း တာမျိုးတွေ ရှိတဲ့အတွက် မိတဲ့သူတွေကို ခေါင်းဖြတ်သတ်တာတွေ ရှိလာပါတယ် ၊ စစ်တပ်က အာဏာသိမ်း
ပြီးနောက်ပိုင်း မင်းမဲ့စရိုက်ဖြစ်စဉ်တွေလို့ သုံးနှုန်းပြီး ပြည်သူတွေကြောက် ရွံ့ထိတ် လန့် စေမဲ့ရက်စက်မှုမျိုးတွေကိုသာ
ကွက်ဖေါ်ပြခဲ့ပါတယ် ၊ဘာကြောင့်ဖြစ်ရတယ် ၊ ဘယ်လို လူတွေ အသတ်ခံ ရတာ ဆိုတာတွေမပြပဲ ပြည်သူတွေ ရမ်း
ရမ်းကားကားလူသတ် တယ်ဆိုတာ မျိုးဖြစ်အောင် ဖုန်းကွယ် လိုက်ပါတယ်။

ဟုတ်ပါတယ် ။ ပြည်သူတွေရဲ့ လက်စားချေတဲ့လူသတ်ပွဲတွေ ၊ တန်ပြန်သပိတ်ဆိုပြီး ဆန္ဒပြ သူတွေကို လုပ်ကြံ


သတ်ဖြတ်လာသူတွေကို ပြည်သူတွေကိုယ်တိုင် တရားစီရင်တဲ့ လူသတ်ပွဲတွေ တကယ်ဖြစ်ခဲ့ပါတယ် ၊ဘာကြောင့်
ဖြစ်ရတာလဲဆိုတာတော့ ထည့်ပြောရမှာပါ ။ မင်းရှိနေလျက် နဲ့အားကိုးမရလို့ ၊ မင်းကိုယ်တိုင်က မင်းဆိုးမင်းညစ်ဖြစ်
နေလို့ ကိုယ့်တရား ကိုယ်စီရင်ဖြစ် လာရ တာတွေပါ ၊ လွတ်လပ်ရေးရပြီးတာတောင် လွတ်လပ် ရေးအရသာမခံစားရပဲ
အမျိုးသားချင်း ကျွန်လိုပြန် အုပ်ချုပ်ခံလာရတဲ့ နှစ်ပေါင်းများစွာမျိုသိပ်ခံစားလာရတဲ့ ၊လက်နက်မဲ့ ဆန္ဒပြမှုကို ဗလာချီ
ပစ်သတ်ခံထားရတဲ့ လူတွေရဲ့မခံမရပ်နိုင်ပေါက်ကွဲမှုတွေပဲဖြစ်ပါတယ် ။

မြို့တိုင်းမှာ သပိတ်စခန်းတွေဖွင့်ကြပြီး နေရာအများစုမှာ သံဃာတော်တွေဦးဆောင်လို့ ကိုယ့်မြို့နယ်/ရပ်ရွာတွေကို


ကိုယ့်ဘာသာအုပ်ချုပ်ကြပါတယ် ၊ ဓါး ၊ လှံ ၊ လောက်လေး ၊ ဂျင်ကလိ တွေနဲ့ ရပ်ကွက်အဆင့်ထိ ကိုယ့်ဒေသ -
လုံခြုံရေးကိုယ်တာဝန်ယူကြပါတယ် ၊ရန်ကုန်ဆေးရုံကြီးက တော့ ရန်ကုန်တိုင်းသပိတ်စခန်း အဖြစ်ရှိခဲ့ပြီး တရား
ဟောပွဲတွေတောက်လျှောက်ကျင်းပခဲ့ပါတယ် ၊ ကိုဇာဂနာလို ရယ်စရာဟာသတွေ ပုံနှိုင်းပြောပြ ဟောပြော တဲ့
သူရှိသလို ၊ မင်းသိင်္ခလို ခပ်ကြမ်း ကြမ်းတွေပြောပြီး ဆဲပြီးဟောပြောတဲ့သူတွေလဲရှိပါတယ် ၊ရှေ့နေတွေ ၊ စာရေး
ဆရာတွေ ၊ ဂီတ နဲ့အနုပညာရှင်တွေ၊ အသိုင်းဝိုင်းစုံကလာရောက် ဟောပြောကြပြီး ဒီမိုကရေစီ ၊ လူ့အခွင့် အရေးစတဲ့
နိုင်ငံရေးဝေါဟာရတွေခေတ်စားလာသလို ကြွေးကြော်သံလည်းပြောင်းသွားခဲ့ပါတယ် ။

“ဒီမိုကရေစီရရှိရေး - ဒို့အရေး … ဒို့အရေး …၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး - ဒို့အရေး … ဒို့အရေး ” တဲ့။

ရဟန်းပျိုများသမဂ္ဂ ၊ သံဃာ့သမဂ္ဂီ ၊ သီလရှင်များသမဂ္ဂ ၊ အိမ်ထောင်ရှင်မများသမဂ္ဂ ၊ တောင်သူ လယ်သမား များ


သမဂ္ဂ၊ အလုပ်သမားသမဂ္ဂ ၊ စသဖြင့် အလွှာစုံ အသင်းအဖွဲ့တွေဖွဲ့ဆန္ဒပြကြသလို ၀န်ထမ်းတွေကလဲ သက်ဆိုင်ရာ
ဌာနတွေအလိုက် စုဖွဲ့ဆန္ဒပြကြပါတယ် ၊ ရဲ ၊ လေတပ်နဲ့ ရေတပ် တပ်ဖွဲ့ဝင်အချို့လဲ တဖြည်းဖြည်း ပါဝင်လာကြပါတယ်
၊ မိန်းမလျှာတွေကတောင် အလှဖန်တီး ရှင်များသမဂ္ဂလို့ ဆန္ဒပြခဲ့ကြပါတယ် ။

လူတိုင်းလူတိုင်းဟာ သက်ဆိုင်ရာအဖွဲ့အစည်းတံဆိပ်နဲ့ နဘူးစီးအနီတွေ ၊ လက်ပါတ်အနီတွေ ပါတ်ပြီး ထိုင်


သပိတ် ၊ အစာငတ်ခံဆန္ဒပြပွဲ ၊ လမ်းလျှောက် ကြွေးကြော်ချီတက်ပွဲ ၊ မဆလ အသက်၂၆နှစ် ရေးထားတဲ့ အခေါင်း
ကိုမီးရှီု့ပွဲ ၊ ခွေးလည်ပင်းမှာ နေ၀င်း , စိန်လွင်ရေးပြီးလွှတ်ပွဲ စသဖြင့်အသွင်သဏ္ဍာန်မျိုးစုံနဲ့ တစ်နိုင်ငံလုံးမှာ အုံးအုံး
ကြွက်ကြွက် ဆန္ဒထုတ်ဖေါ်ပြသခဲ့ကြပါတယ် ။

နိုင်ငံတော်သမတ ဒေါက်တာမောင်မောင်က “ဆန္ဒတွေ မစောကြပါနဲ့ ၊ တစ်ပါတီစနစ်ကိုပဲ ကြိုက်ကြိုက် ပါတီစုံ


ကိုပဲကြိုက်ကြိုက် ရွေးကောက်ပွဲကြီး လုပ်ပြီးဆုံးဖြတ်ကြတာပေါ့ ၊ ကျောင်းသား သမဂ္ဂအဆောက် အဦးကြီး ကိုလဲ
ပျော်ပျော်ကြီး အုတ်မြစ်ချကြတာပေါ့လို့ ” နတ်ကတော်တွေထက် ချွဲပျစ်တဲ့လေသံနဲ့ ညတိုင်းလို မြန်မာ့အသံနဲ့ ရုပ်မြင်
သံကြားကနေတောင်းပန်ပြော ပြောနေပေမဲ့ ၊ နောက်ကွယ်မှာတော့ ပြည်သူတွေကိုသတ်ဖြတ်နှိမ်နှင်းဘို့ ကောက်
ကျစ်စဉ်းလဲစွာ အကြံထုတ် ပြင်ဆင်နေခဲ့ပါတယ် ။

လူထုအုံကြွမှုကြီး တစ်နိုင်ငံလုံးအတိုင်းတာနဲ့လေးဆယ့်နှစ်ရက်အကြာ ၁၉၈၈ခုနှစ် ၊ စက်တင် ဘာလ ၁၈ ရက်နေ့


ညနေမှာ ရာထောင်ချီတဲ့စစ်သားတွေက မြို့ကြီး တွေကို ပစ်ခတ်စီနင်းပြီး စစ်တပ်အနေနဲ့အာဏာပြန် သိမ်းလိုက်
ကြောင်း ကြေငြာပါတော့တယ် ။ ဗမာပြည်စစ်တပ် အတွက် မဆန်းတော့တဲ့ အပြစ်မဲ့ပြည်သူကို သတ်ပွဲတွေထဲမှာ
အရက်စက်အပြင်းထန်ဆုံး သတ်ပွဲကြီး ဖြစ်ပါတယ် ၊ G-3 , G-4 မောင်းပြန် ရိုင်ဖယ်တွေအပြင် စက်လတ်လို အမျိုး
အစားတွေနဲ့ပါ အတွဲ လိုက် ပစ်ခတ်ခဲ့ကြပါတယ် ၊ ပြည်သူတွေက စစ်ကား တွေဝင်မလာရအောင် သစ်ပင်တွေ ခုတ်လှဲ
လမ်းတွေပေါ်ကန့်လန့်စီချပိတ်ဆို့ ၊ လက်ထဲရှိ လောက်လေးတွေ ၊ ဂျင်ကလိတွေနဲ့ခံချ လုပ်ကြ သေးပေမဲ့ အဆမတန်
ရက်စက်မှုရဲ့ဒါဏ်ကို မခံနိုင်ကြတော့ပါဘူး ၊ အားမတန်မာန် လျှော့ပေး ခဲ့ကြတဲ့နောက်မှာ စောမောင် နဲ့ခင်ညွန့် ဦးစီး
တဲ့ စစ်တပ်က န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှတည် ဆောက်ရေးအဖွဲ့)ဆိုပြီး စစ်တပ်အစိုးရ အမည်ခံအုပ်ချုပ်ခဲ့ပါ
တော့တယ်။

(၄)

စိတ်ဓါတ်..။ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ ကျောင်းသားပြည်သူတွေရင်ထဲထည့်ပေး လိုက်တာကတော့


အသက်အပါအ၀င် ကိုယ်ကျိုးစီးပွားအားလုံးစွန့်လွှတ် တိုက်ပွဲဝင်မယ်၊ မတရား မှုကိုရဲရဲအံတုမယ်ဆိုတဲ့ စိတ်ဓါတ် ပါပဲ ၊
စစ်အာဏာရှင်တွေက လက်နက်မျိုးစုံ ၊ ယုတ်မာ ကောက် ကျစ်မှုမျိုးစုံ ၊ မတရားမှုမျိုးစုံနဲ့ အဲဒီ စိတ်ဓါတ် ကိုချိုးနှိမ်ဘို့
ကြိုးစားခဲ့ပေမဲ့ ကနေ့ထိ ခိုင်ခိုင်မြဲမြဲ တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ် ။

အထက်မှာပြောပြခဲ့သလို ပြည်သူတွေနဲ့ကျောင်းသားတွေ(အများစု)က နိုင်ငံရေးနားလည် လို့ မဟုတ်ပဲ မတရား


မှုတွေများလွန်းလို့ ဆင်းရဲမွဲတေလွန်းလို့သာ ဆန္ဒပြ အုံကြွခဲ့ကြတာဖြစ်တဲ့ အတွက် လိုအပ်ချက်တွေ ကတော့အများ
ကြီးရှိခဲ့ပါတယ် ၊ ခေါင်းဆောင်တွေစုစည်းပြီး ကြားဖြတ် အစိုးရမဖွဲ့နိုင်ခဲ့တာ ၊ တောတွင်း လက်နက် ကိုင်အင်အားစု
တွေနဲ့ပေါင်းစည်းပြီး နိုင်ငံတော်အာဏာ ကိုအရမယူနိုင်ခဲ့တာ ၊ စနစ်တကျမဟုတ်တဲ့စုဖွဲ့မှုတွေနဲ့ အသေချာ ပြင်ဆင်
စီစဉ်မှုတွေမရှိပဲ လျှပ်တပြက်ဆုံးဖြတ်လုပ်ဖြစ်ခဲ့ကြတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီး ကနေသင်ခန်းစာ ယူရ
မှာတွေဖြစ်ပါတယ် ။

မဆလအမည်ခံ နေ၀င်း ၊ စန်းယု ၊ စိန်လွင် အစိုးရတွေကိုဖြုတ်ချနိုင်ခဲ့တာ ၊ ပြည်သူတွေကျောင်း သားလူငယ် တွေကို


နိုင်ငံရေးနားမျက်စေ့ပွင့်စေခဲ့တာ ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသ)နဲ့အတူ မင်းကိုနိုင် ၊
ကိုကိုကြီး တို့လို ကျောင်းသားခေါင်းဆောင်တွေ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး တို့လို လူထု ခေါင်းဆောင် တွေ
ပေါ်ထွက်လာခဲ့တာ ၊လက်နက် ကိုလက်နက်ချင်းပြန်ချနိုင်မှသာရမယ်လို့ ယုံကြည်ချက်တွေနဲ့ ကျောင်းသားတပ်မ
တော် (ABSDF) ဖွဲ့စည်းပေါ်ပေါက်ခဲ့တာ ၊ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲကြီး ပေါ်ပေါက်ခဲ့တာတွေဟာ
ရှစ်လေးလုံးအရေးတော်ပုံကြီးကနေရရှိခဲ့တဲ့ အောင်မြင်မှု တွေဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီး ၊ လူထုအုံကြွမှုပုံစံကနေ ရပ်ဆိုင်းလိုက်တာဟာ စစ်တပ်က ပစ်သတ်နှိမ်နှင်း လို့


ဆိုတာထက် တောင်းဆိုဆန္ဒပြနေတဲ့လိုအပ်ချက်ကို စစ်တပ်ကလုပ်ပေးမယ် ဆိုတဲ့မြှူဆွယ်မှုကြောင့် ရပ်ဆိုင်း လိုက်
တာလို့ထင်ပါတယ် ၊ “တပ်မတော်က နိုင်ငံတော်အာဏာ ကိုချုပ်ကိုင်လိုက်ပါပြီ ၊ ဆန္ဒပြပွဲ တွေရပ်ကြပါ ၊ နိုင်ငံရေးပါတီ
တွေထောင်ခွင့်ပေးပြီး ပါတီစုံ အထွေ ထွေရွေးကောက်ပွဲကြီးလုပ်ပေးပါ့မယ် ၊ ပြီးရင် အနိုင်ရပါတီကို အာဏာလွှဲပေးပြီး
စစ်တပ်က စစ်တန်း လျား ပြန်မှာပါ ”ဆိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး
စောမောင်ရဲ့ ကတိစကားကို ယုံစားမိခဲ့ကြလို့ လို့ထင်ပါတယ် ။

၁၉၈၉ မှာ ကိုမင်းကိုနိုင်နဲ့ ကျောင်းသားခေါင်းဆောင်တွေဖမ်း ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်ပြီး မဆလ


ကနေအမည်ပြောင်း တစည (တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ) အနိုင်ရ အောင်နည်းမျိုးစုံ ကြိုးစားခဲ့ပေမယ့်
ပြည်သူတွေရဲ့နိုင်ငံရေးနိုးကြားမှုက ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ (NLD) အမျိုးသား ဒီမိုက
ရေစီအဖွဲ့ချုပ်ကိုပဲ ထူးထူးကဲကဲမဲပေးခဲ့ကြ ပါတယ် ။ ပြည်သူတွေဆန္ဒမဲပေးခဲ့ကြတဲ့ အနိုင်ရပါတီ ကိုအာဏာလွှဲမပေးပဲ
ကတိတွေကို ချိုးဖေါက် ပြီး စစ်အာဏာရှင်တွေက လူပြောင်းနာမည်ပြောင်း ကနေ့ထိ ဆက် အုပ်ချုပ်နေဆဲဖြစ်ပါတယ်
။ ရှစ်လေးလုံးအရေးတော်ပုံကြီးကိုအာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး စောမောင်နဲ့ ဗိုလ်ချုပ်ခင်ညွန့် တို့ကိုဖယ်ရှားပြီး
ဗိုလ်ချုပ်မှုးကြီးသန်းရွှေက န၀တအမည်ကနေ နအဖ(နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့်ဖွင့်ဖြိုးရေးကောင်စီ)လို့
ပြောင်းလဲအုပ်ချုပ်နေခဲ့ပါတယ် ။

၁၉၉၆ ကျောင်းသားအရေးအခင်း ၊ ၉၉၉၉ အရေးအခင်း ၊ ၂၀၀၇ သြဂုတ်လ လောင်စာဆီ ဈေးမြင့်တက်မှု


လမ်းလျှောက်ပွဲ ၊ တစ်ကိုယ်တော်ဆန္ဒပြပွဲများစွာနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန် ရေးဆိုတာတွေဟာ ရှစ်လေးလုံး
အရေးတော်ပုံကြီးရဲ့နောက်ဆက်တွဲ အရှိန်အဟုန်တွေဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံဆိုတာ ဒဏ္ဍာရီမဟုတ် ၊ ရာဇ၀င်ဖြစ်တယ် ။ ကျောင်းသားတွေ ၊ ဗမာပြည်သူတွေရဲ့


အထင်ကရသမိုင်းကြီးဖြစ်တယ် ။ သေချာနားစွင့် ကြည့်ပါ ၊ နှလုံးသားနဲ့ နားထောင်ကြည့်ပါ ၊

“ လွတ်လပ်မှအမျှဝေပါ ” ဆိုတဲ့ ရှစ်လေးလုံးအရေး တော်ပုံကြီးမှာ ကျဆုံးခဲ့ တဲ့ဝိဥာဉ်တွေရဲ့ ဒို့အရေးဒို့အရေး


ကြွေးကြော်သံတွေနဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါလို့ မှာကြားနေ သံတွေ ကြားရပါလိမ့်မယ် ။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ

မောင်ကျောင်းသား ။

You might also like