Myanmar News in Burmese 6/9/10

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 18

ရွေးကောက်ပွဲကိစ္စ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ NLD တွေ့မည်

2010-09-06

စစ်အစိုးရ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကိစ္စ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေရဲ့ အရေး


စတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ တိုင်းရင်းသား
ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဒီကနေ့ 
ဆုံးဖြတ်လိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်သည့် ၂၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀ဝ၉ စက်တင်ဘာ


၂၇ ရက်နေ့က ကျင်းပစဉ် ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ပိုစတာများဖြင့်
အတူတွေ့ရသော အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)

NLD ဒု- ဥက္ကဌ ဦးတင်ဦးနေအိမ်မှာ ဒီကနေ့ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ အခုလို


ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်းနဲ့ ဒီ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ စီစဉ် ဆောင်ရွက်နေကြောင်း
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့တနေ့က သွားတွေ့ခဲ့တဲ့ ဆရာဦးဥာဏ်ဝင်းဆီက မှာကြားချက်တွေ၊


အဖွဲ့ချုပ်လူကြီးများရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပူးပေါင်းပြီးတော့ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။
ခရီးစဉ်တွေ သွားမယ်၊ ပြည်နယ်တိုင်း ခေါင်းဆောင်တွေနဲ့ တွေ့မယ်၊ အဖွဲ့ဝင်ထုနဲ့ တွေ့မယ်၊ တိုင်းရင်းသား
ခေါင်းဆောင်တွေနဲ့ တွေ့မယ်ဆိုတာကို မူအားဖြင့် ကျနော်တို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။
အသေးစိတ်ကိစ္စတွေကတော့ ဆက်ပြီးစီစဉ်ရအုံးမှာပါ”

ပြီးခဲ့တဲ့အပတ်က တိုင်းရင်းသားတွေရဲ့ အရေးကိစ္စရပ်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပညာပေးတွေ၊


လူငယ်အရေးတွေနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေဦးဥာဏ်ဝင်းကတဆင့်
အဖွဲ့ဝင်တွေကို မှာကြားခဲ့ပါတယ်။

ဒီ မှာကြားချက်တွေကို ပါတီဝင်ထုကနေ လူထုကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်အောင် ရှင်းလင်း


ပြောပြဖို့အတွက် ပြည်နယ် တိုင်းအသီးသီးကို ခရီးစဉ် စတင်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။

အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ အမျိုးသမီးအဖွဲ့ ခေါင်းဆောင်တွေနဲ့ လူငယ်အဖွဲ့တွေရဲ့ ဒီတခေါက်ခရီးစဉ်မှာ နိုင်ငံရေးနဲ့


ပတ်သက်ပြီး အဓိက ဆွေးနွေးမယ့်အကြောင်း ဦးအုန်းကြိုင်က ဆက်ပြီး ရှင်းပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဝင်ထု၊ ပြည်သူထု၊ တိုင်းရင်းသားအရေးနဲ့ ပြောချင်တဲ့ ရွေးကောက်ပွဲဆိုင်ရာ


ပညာပေးမှုတွေ၊ သဘောထားတွေကို ကျနော်တို့က ကြေလည်အောင် ရှင်းပြကြဖို့၊ လူငယ်တွေ တိုင်းရင်းသား
ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်တွေကို ရှင်းပြဖို့ ဖြစ်ပါတယ်”

NLD ခေါင်းဆောင်တွေရဲ့ ဒီကနေ့ အစည်းအဝေးမှာ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်မယ့် NLD


ပါတီ ထူထောင်တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဦးတင်ဦးနေအိမ်မှာ ကျင်းပဖို့ အတည်ပြု
ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Source:http://www.rfa.org/burmese/news/NLD_to_deliver_DASSK_message_to_ethnic_leaders-
09062010181733.html

မြန်မာအပေါ် ဖိအားပေးဖို့ တရုတ်ကို လူ့အခွင့်အရေးအဖွဲ့ တောင်းဆို


2010-09-06

မနက်ဖြန် အင်္ဂါနေ့ကစပြီး တရုတ်နိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်လာမယ့် မြန်မာစစ်အစိုးရ အကြီးအကဲ


ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံက ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးတယူ
ဖြေရှင်းရေးနဲ့ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတအောင် ကျင်းပရေး ဖိအားပေး ပြောကြားဖို့
အမေရိကန်ပြည်ထောင်စု နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တရုတ်အစိုးရကို
ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မြန်မာခေါင်းဆောင်တဦး လာရောက်စဉ်အတွင်း တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ တိန်အန်မင်ရင်ပြင်


ပြည်သူ့ခန်းမကြီးရှေ့တွင် တရုတ်နှင့် မြန်မာအလံများ လွှင့်ထူထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် အနေနဲ့ မြန်မာနိုင်ငံမှာ အတုအယောင် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ လူ့အခွင့်အရေး


ပြဿနာတွေကို ဥပေက္ခာ ပြုခြင်းအားဖြင့် မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေကို အားပေးအားမြောက် မလုပ်သင့်ကြောင်း၊
တရုတ်အစိုးရ အနေနဲ့ မြန်မာကိစ္စကို ဟန်မပျက် ဆက်ဆံနေတာထက် တခြား နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာ
စစ်မှန်ပြီး ရေရှည်တည်တံ့မယ့် နိုင်ငံရေး အပြောင်းအလဲ ဖြစ်အောင် ဆောင်ရွက်သင့်ကြောင်း HRW အဖွဲ့ အာရှရေးရာ
ညွှန်ကြားရေးမှူး ဆိုဖီရစ်ချတ်ဆန်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ မူဝါဒ ရပ်တည်ချက်ဟာ တာဝန်သိ သိက္ခာရှိတဲ့ ကမ္ဘာ့


အင်အားကြီးနိုင်ငံ ဖြစ်ရစေမယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ အပြောတွေနဲ့ မညီတာ တွေ့ရကြောင်း၊ မြန်မာနိုင်ငံက
လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ထောက်ခံတာကနေ မြန်မာ ပြည်သူတွေကို ပြောင်းလဲ
ထောက်ခံခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား ပိုခိုင်မာစေနိုင်ကြောင်းလည်း HRW ရဲ့ ကြေညာချက်မှာ
ဖော်ပြထားပါတယ်။

Source:http://www.rfa.org/burmese/news/China_urged_to_press_visiting_Burmese_junta_head-
09062010185658.html

တရုတ်ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး ဖိအားပေး ခံရဖွယ်ရှိ

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့ရဲ့ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို


သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။ စစ်အစိုးရကို ပံ့ပိုးထောက်ခံနေတာ နှစ်နဲ့ချီ ကြာနေတဲ့ တရုတ်နိုင်ငံကို
ဒီသီတင်းပတ်ထဲ မြန်မာစစ်ခေါင်းဆောင် သွားရောက် လည်ပတ်ချိန်မှာ အိမ်ရှင် တရုတ်နိုင်ငံဆီက ပြင်းထန်တဲ့
ပြောကြားမှုတွေကို ကြားရဖို့ ရှိတယ်လို့ တရုတ်နိုင်ငံ ဘေဂျင်းက ဗွီအိုအေ သတင်းထောက် ပီတာ ဆင်မ်စန် (Peter
Simpson) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အင်္ဂါနေ့ကစပြီး တရုတ်နိုင်ငံ ၄ ရက်ခရီးကို စတင်တော့မှာ


ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာစစ်အစိုးရအတွက် အနီးကပ်ဆုံး ကျောထောက်နောက်ခံ ပေးထားတဲ့ နိုင်ငံတနိုင်ငံ
ဖြစ်တာမို့ တရုတ်သမ္မတ ဟူဂျင်းတောင် (Hu Jintao) နဲ့ ၀န်ကြီးချုပ် ၀မ်ကျားဘောင် (Wen Jiabao) ဆီက စီးပွားရေး
အရရော၊ သံတမန်ရေး အရပါ ပံ့ပိုးထောက်ခံမှုတွေ ဆက်ပြီး ရနေစေဖို့အတွက် မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက
ကြိုးစားမယ်လို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က


လက်ခံလာအောင် ကြိုးစားဖို့လည်း ရှိပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်တပ် အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ၅၀ နီးပါး
နေလာခဲ့ရတဲ့ မြန်မာနိုင်ငံကို အရပ်ဘက် အုပ်ချုပ်ရေး ပြောင်းလဲရေးမှာ အဓိကကျတဲ့ ခြေလှမ်းတရပ် အဖြစ်နဲ့
မြန်မာစစ်ခေါင်းဆောင်တွေ ပုံဖော်နေတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံ အများအပြားနဲ့
လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်ပြီး စစ်တပ်က ထိန်းချုပ်မှုကို
ဖယ်ရှားပေးမယ့် အရိပ်အယောင် မမြင်ရဘူးလို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ကျန်းယု


(Jiang Yu) က ကြေညာခဲ့ပေမဲ့ ရှင်းရှင်းလင်းလင်းတော့ မပြောကြားခဲ့ပါဘူး။
“နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ပြည်တွင်းဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်တွေကို အပြန်အလှန် ပြောကြားဖို့ ရှိတယ်။” လို့
တရုတ်ဘာသာနဲ့ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နှစ်ရှည်လများ ဖြစ်ပေါ်နေတဲ့အတွက် အမေရိကန် အပါအ၀င်


အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားပါတယ်။ ဒါပေမဲ့
မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်တဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကတော့ မြန်မာစစ်အစိုးရအပေါ်
ဝေဖန်မှုတွေ သိပ်လုပ်လေ့ မရှိပါဘူး။ တရုတ်နိုင်ငံရဲ့ ဝေဖန်သံကို သိပ်မကြားရပေမဲ့ ဒီတခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့
တရုတ်နိုင်ငံ ခရီးစဉ်မှာတော့ သီးသန့် တွေ့ဆုံပွဲတွေမှာ ပြင်းပြင်းထန်ထန် အပြောဆိုခံရနိုင်ဖွယ် ရှိတယ်လို့ တရုတ်၊
မြန်မာ ဆက်ဆံရေးကို လေ့လာနေတဲ့ နိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်တဲ့ Burma Campaign UK အဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ် ဖာမနာ (Mark
Farmaner) ကတော့ ...

“သူတို့ကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ အတတ်နိုင်ဆုံး နိုင်ငံတကာ လက်ခံမှုရအောင် လုပ်ဖို့


သန်းရွှေကို ပြောကြမှာပါ။ ဒါကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာရော အာဆီယံနဲ့ တခြား နိုင်ငံတကာနဲ့
တွေ့ဆုံပွဲတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အချေအတင် ငြင်းခုန်နေရတာမျိုး သူတို့ မလိုချင်လို့ပါ။” လို့
ပြောသွားပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံဆီက တွင်းထွက်သတ္တုတွေ၊ သစ်နဲ့ သဘာဝဓာတ်ငွေ့တွေ ၀ယ်ယူနေတဲ့အပြင်


လူသုံးကုန်တွေ တွင်တွင်ကျယ်ကျယ် ရောင်းချနေရတာမို့ မြန်မာနိုင်ငံဟာ သူတို့အတွက် အဖိုးတန်တဲ့ ကုန်သွယ်ဘက်
နိုင်ငံတနိုင်ငံ ဖြစ်နေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ တရုတ်တိုင်းရင်းသား ကိုးကန့်တပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့်


တရုတ်နိုင်ငံထဲကို ဒုက္ခသည်ပေါင်း ၃၀,၀၀၀ ကျော်လောက် ပြေးဝင် ခိုလှုံခဲ့တာမို့ တရုတ်နိုင်ငံက စိတ်ပျက်လက်ပျက်နဲ့
လူသိရှင်ကြား ရှားရှားပါးပါးပဲ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တရုတ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှာ ဖြစ်တဲ့အပြင် လက်ရှိ စီးပွားရေး အချက်အချာကျတဲ့


နေရာတွေဖြစ်တဲ့ ရှန်ဟိုင်း ကုန်စည်ပြပွဲနဲ့ ဟောင်ကောင်တဘက်ကမ်းက ရှန်ဇန်းကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

ဂွမ်ဂျိုး ဆွန်ယက်ဆင် တက္ကသိုလ် အာရှ၊ ပစိဖိတ် လေ့လာရေးကျောင်းက ပါမောက္ခ ၀ှမ်ယုကျင် (Huan Yunjin)
ကတော့ ...

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူ့အမြင်ကို ထုတ်ပြီး မပြောနိုင်ပါဘူး။ ဒါပေမဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး


ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အကူအညီ တောင်းခဲ့ရင်တော့ စီးပွားရေးလမ်းကို ဘယ်လိုဖွင့်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်ကို
အသေးစိတ် ပြောပြနိုင်တဲ့အပြင် ဘယ်လိုလုပ်ရမယ် ဆိုတာကိုပါ ညွှန်ပြနိုင်လိမ့်မယ်။” လို့ တရုတ်ဘာသာနဲ့
ပြောသွားပါတယ်။

Burma Campaign UK က မာ့ခ် ဖာမနာကတော့ ...

“သူတို့က မြန်မာနိုင်ငံ ပြိုကွဲမှာကို စိုးရိမ်နေတာမို့ နိုင်ငံတည်ငြိမ်မှုရအောင် စစ်အစိုးရ လုပ်ဆောင်စေချင်တာပါ။


ဒါ့အပြင် သူတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတနိုင်ငံက အနောက်နိုင်ငံတွေရဲ့ ရုပ်သေးရုပ်လို ဖြစ်နေတာကို
မလိုချင်ပါဘူး။ အခု မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေဟာ အနောက်နိုင်ငံတွေဘက်ကို ပိုပြီး ယိမ်းနေတာမို့
ဒါမျိုး မဖြစ်စေချင်ပါဘူး။”

နယူးယောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးကတော့ ဗိုလ်ချုပ်မှူးကြီး


သန်းရွှေ တရုတ်နိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ မြန်မာစစ်အစိုးရကို အခုကျင်းပမယ့် ရွေးကောက်ပွဲကို
ပွင့်လင်းစွာ ကျင်းပပေးဖို့နဲ့ ကျူးလွန်ထားတဲ့ ဆိုးဝါးတဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု ရှိစေဖို့အတွက်
တရုတ်အစိုးရက ဖိအားတွေပေးဖို့ တောင်းဆိုလိုက်ပါတယ်။

Source:http://www.voanews.com/burmese/news/china-myanmar-102291354.html
စီးပွားရေးနဲ့ စာနယ်ဇင်း ပုဂ္ဂိုလ်တွေ ပြည်ခိုင်ဖြိုးအတွက် ရွေးကောက်ပွဲဝင်
လူသိများတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စာနယ်ဇင်းသမားတွေကို လာမယ့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ
ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အစိုးရက စီစဉ်နေတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ
ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

လူသိများတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေ၊ ယုဇန ဦးဌေးမြင့်၊ မြန်မာနိုင်ငံ ကုန်သည်များနဲ့


စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ ဒေါက်တာ တင်ထွန်းဦး၊ တက္ကသိုလ် တင်ခ
အပါအ၀င် စာနယ်ဇင်း အမှုဆောင်တချို့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဖြစ်လာတာဟာ အစိုးရရဲ့
အစီအစဉ်အရ ဖြစ်ပါတယ်။

ဇေကမ္ဘာ ဦးခင်ရွှေက သူယှဉ်ပြိုင်မယ့် တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်တွေမှာ လူမှုရေး လုပ်ငန်းတွေ


လုပ်ထားတာကြောင့် အဲဒီနယ်မြေတွေက ကိုယ်စားပြုဖို့ အစိုးရက ညွှန်ကြားတယ်လို့ ဆိုပါတယ်။

“အမျိုးသားလွှတ်တော် အနေနဲ့ ပြိုင်မှာပါ။ ပါတီအနေနဲ့ကတော့ ပြည်ခိုင်ဖြိုးနဲ့ ပြိုင်မှာပေါ့လေ။ ကျနော်က


ထွေထွေထူးထူး စည်းရုံးစရာ မလိုပါဘူး။ ဘာလို့ဆို နာဂစ်ဖြစ်ဖြစ်ချင်း တပတ်အတွင်း ဘုရားတွေ၊ ကျောင်းတွေ၊
လမ်းတွေ အကုန်သွားပြင်တာ သိန်း ၂၅,၀၀၀၊ ၃၀,၀၀၀ နီးပါးလောက် သုံးပစ်တာလေ။ အဲဒါလည်း နာဂစ်မှာ
ကျနော်လုပ်နိုင်တာ ၀င်လုပ်တာလေ။ ဒီလိုလုပ်ရလိမ့်လို့လည်း ကျနော်က ခေါင်းထဲမှာ တွက်ထားတာ မဟုတ်ဘူး။
လုပ်ထားတဲ့နေရာ ဖြစ်လို့လည်း နိုင်ငံတော်က အဲဒီနေရာ လုပ်ပေးပါလို့ ပြောလာတယ်။”

အလားတူပဲ UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရွှေဘိုမြို့နယ်နဲ့ ယုဇန ဦးဌေးမြင့်က မြိတ်မြို့နယ်တွေက


အမျိုးသားလွှတ်တော် ကိုယ်စားပြု ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ စာပေနဲ့ စာနယ်ဇင်းအဖွဲ့က နှုတ်ထွက်ခဲ့ကြတဲ့ တက္ကသိုလ် တင်ခ၊ ဒေါက်တာ တင်ထွန်းဦး၊


ဦးအောင်ငြိမ်းနဲ့ ဦးလှထွန်းတို့လည်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြပါတယ်။ သူတို့ကိုလည်း
အစိုးရက စီစဉ်ပေးကြောင်း ရန်ကုန်အခြေစိုက် စာနယ်ဇင်းသမား တယောက်က ဆိုပါတယ်။

“ဟုတ်တယ်၊ သူတို့က စာပေ စာနယ်ဇင်းသမား ဆိုတော့ နည်းနည်း လူလေးစားမှုရှိတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးကို


ဝင်အားဖြည့်ကြဆိုပြီး ကြံ့ဖွံ့ဘက်က ၀င်ခိုင်းတာ။ ဒီ ဒေါက်တာ တင်ထွန်းဦးတို့၊ ဦးတင်ခ တို့ကိုကျ
ပြန်ကြားရေးဝန်ကြီးက ၀င်ခိုင်းတာ၊ သူ့ဝန်ကြီးချုပ်က အပေါ်ကနေ တာဝန်ပေးမှာပေါ့၊ မင်းလူတွေခိုင်း ဆိုပြီးတော့။”

စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံပြု ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး ပါတီဟာ ရွေးကောက်ပွဲ


ဥပဒေတွေကို ဖောက်ဖျက်တယ်လို့လည်း တခြားပါတီတွေက ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီမိုကရက်ပါတီ (မြန်မာနိုင်ငံ) အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက လာမယ့် ရွေးကောက်ပွဲ ရလဒ်ကိုလည်း


လွတ်လပ်ပြီး တရားမျှတကြောင်း ထုတ်ဖော်ဖို့ အစိုးရက ပြင်ဆင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

“အမတ်လောင်းတွေတင် ညွှန်ကြားတာ မဟုတ်ဘူးလေ၊ ဘယ်ကိစ္စမဆို အကုန်လုံး သူတို့ ပါဝင်ပြီး ညွှန်ကြားနေတာပဲ။


သူတို့အနေနဲ့ အကုန်လုံး ပိုင်ပိုင်နိုင်နိုင်ရှိအောင် ကြိုတင်ပြီး လုပ်ထားတဲ့ ကိစ္စတွေပဲပေါ့။ ဒါကြောင့်မို့ တခြားပါတီတွေကို
တင်းတင်းကျပ်ကျပ် လုပ်ပြီးတော့ သူတို့ဘက်ကတော့ မဲဆွယ်စည်းရုံးတဲ့ ကိစ္စကလည်း အခုမှ မဟုတ်ဘူးလေ၊
ကျမတို့က စတောင် မစရသေးဘူး၊ ကြံ့ခိုင်ရေးဆိုရင် ပါတီမဖြစ်ခင် ကတည်းက သူတို့နည်းနဲ့ သူတို့ စည်းရုံးနေတာပါပဲ။
အခု ပါတီဖြစ်လာတော့လည်း သူတို့ စည်းရုံးရေးက လုပ်နေကြတာပါပဲ။ အကုန်လုံး သူတို့ဘက်က
အပိုင်လုပ်ထားပြီးတော့ ရွေးကောက်ပွဲနေ့ ကျရင်တော့ တစိတ်တဒေသတော့ နိုင်ငံတကာကို သူတို့
ပြလိမ့်မယ်ထင်တယ်။ Free and Fair ဖြစ်သည်ပေါ့လေ။”

ပြည်ခိုင်ဖြိုးပါတီနဲ့ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းထားတဲ့ တိုင်းရင်းသား


စည်းလုံးညီညွတ်ရေးပါတီ (တစည) တို့ဟာ ကိုယ်စားလှယ်လောင်း အများဆုံး တင်ပြထားတဲ့ ပါတီတွေ
ဖြစ်တာကြောင့် ဒီပါတီ ၂ ခုပဲ အဓိက ယှဉ်ပြိုင်ဘက်တွေ ဖြစ်လာမယ်လို့လည်း ခန့်မှန်း ပြောဆိုမှုတွေ ရှိပါတယ်။

Source:http://www.voanews.com/burmese/news/myanmar-election-usdp-102286724.html
မြန်မာစစ်အစိုးရအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေး ဟန်ဂေရီ ထောက်ခံ
မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကနေ စုံစမ်းစစ်ဆေးရေး
ကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက်ကို
ထောက်ခံနေတဲ့ နိုင်ငံတွေထဲမှာ ဥရောပနိုင်ငံ တခုဖြစ်တဲ့ ဟန်ဂေရီနိုင်ငံကလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ အခုလို
လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက်ကို ဟန်ဂေရီနိုင်ငံက ပါဝင် ထောက်ခံလာတဲ့အပေါ် မြန်မာ့အရေး
ဥရောပ လွှတ်တော်အမတ်များအဖွဲ့ (EPCB) အပါအ၀င် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နိုင်ငံရေး
အင်အားစုတွေက ကြိုဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက
တင်ပြပေးထားပါတယ်။

မြန်မာပြည်မှာ အရပ်သား ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှု ကျူးလွန်တာတွေ ရှိမရှိ


ဆိုတာကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ပြီး စစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့
အဆိုပြုချက်ကို နိုင်ငံ တော်တော်များများက ထောက်ခံလာနေတာမှာ အခုနောက်ဆုံး EU ဥရောပသမဂ္ဂ အဖွဲ့ဝင်
နိုင်ငံတခုဖြစ်တဲ့ ဟန်ဂေရီနိုင်ငံကလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဟန်ဂေရီဟာ ဒီအဆိုပြုချက်ကို ထောက်ခံခဲ့ကြတဲ့
အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ စလိုဗက်ကီးယား၊ ချက်သမ္မတနိုင်ငံ၊ ကနေဒါတို့ပြီးရင် နောက်ဆုံး ထောက်ခံခဲ့တဲ့ ၇
ခုမြောက်နိုင်ငံ ဖြစ်ပါတယ်။

AP

ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ယေနာ မာတိုနီ။ ဇူလိုင် ၁၃၊ ၂၀၁၀။

မြန်မာ့အရေး ဥရောပ လွှတ်တော်အမတ်များအဖွဲ့ (EPCB) ကို ပေးပို့ခဲ့တဲ့ စာထဲမှာ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးက


လက်ရှိ အခြေအနေတွေကို ကော်မရှင်က အောင်အောင်မြင်မြင် စုံစမ်းစစ်ဆေးနိုင်လိမ့်မယ်၊ မြန်မာနိုင်ငံမှာ
လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ဒီကော်မရှင်က အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း
ဟန်ဂေရီနိုင်ငံက ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ အခုလို မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ထောက်ခံတဲ့
နိုင်ငံတွေထဲမှာ ဟန်ဂေရီနိုင်ငံက ပါဝင်လာတဲ့အပေါ် မြန်မာ့အရေး ဥရောပ လွှတ်တော်အမတ်များအဖွဲ့ (EPCB)
အဖွဲ့က ကြိုဆိုခဲ့ပါတယ်။

“မြန်မာစစ်အစိုးရက လူသားမျိုးနွယ်စုအပေါ် စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခြင်း ရှိမရှိ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး


ကော်မရှင်ဖွဲ့ဖို့ အဆိုကို ဟန်ဂေရီက အခုလို လူသိရှင်ကြား ကြေညာလိုက်တဲ့အပေါ် ကျမတို့ ကြိုဆိုပါတယ်။ အခု
လိုအပ်နေတာကတော့ EU ဥရောပသမဂ္ဂ တခုလုံးက ထောက်ခံ အားပေးဖို့ပါပဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်း
စစ်ဆေးရေးမှူးက မတ်လကနေ အခုလို စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

“စနစ်တကျအပြင် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တဲ့ အတင်းအဓမ္မ


လုပ်အားပေး ခိုင်းစေမှု၊ ကလေးစစ်သား အသုံးပြုမှုနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
စသဖြင့်တို့ကို မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့တာတွေကို ကုလသမဂ္ဂက မှတ်တမ်းတင်ထားတာတွေ ရှိပါတယ်။”
EPCB အဖွဲ့ တာဝန်ရှိသူ မစ်စ် အန်နာ ရောဘတ်စ် (Ms Anna Roberts) ပြောပြသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလို မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ထောက်ခံလာကြတဲ့ နိုင်ငံတွေ တိုးလာနေပေမဲ့လို့ EU


ဥရောပသမဂ္ဂ တခုလုံး အနေနဲ့ ထောက်ခံဖို့ကို အခုထိ နှုတ်ဆိတ်နေတဲ့ အပေါ်မှာ EU တခုလုံးအနေနဲ့ အဲဒီလို
နှုတ်ဆိတ်နေတာကို ရပ်တန့်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ထဲမှာ စုံစမ်းစစ်ဆေးရေး
ကော်မရှင်တရပ် ဖွဲ့စည်းရေး ကိစ္စကို ထည့်သွင်းဖို့အတွက် ပြောဆိုသင့်ပါတယ်လို့ EPCB အဖွဲ့ရဲ့ အလုပ်အမှုဆောင်
ကော်မတီဝင် ဆေးလ်ဗား မေကာ (Silver Meikar) က ပြောဆိုခဲ့ပါတယ်။

အလားတူပဲ ဟန်ဂေရီနိုင်ငံရဲ့ ပါဝင်ထောက်ခံလာမှုကို မြန်မာ့အတိုက်အခံ နိုင်ငံရေး ပါတီကြီးတခုဖြစ်တဲ့ NLD


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ကြိုဆိုလိုက်ပါတယ်။

“ဟုတ်ကဲ့၊ ဒီဥစ္စာက Commission of Enquiry လေ။ Commission of Enquiry ဆိုတာ လူ့အခွင့်အရေး


ချိုးဖောက်နေတာ ဟုတ်သလား၊ မဟုတ်ဘူးလားလို့ Enquiry လုပ်တာပဲ။ ဒီလို Enquiry လုပ်တာကို အန်ကယ်တို့
ဘာမှ ကန့်ကွက်စရာ မရှိဘူး။ ဒီ Enquiry ရဲ့ အဖြေက ချိုးဖောက်နေတာ ရှိရင်လည်း ဖြစ်မယ်၊ မရှိဘူးရင်လည်း
ဖြစ်မယ်။ Enquiry လုပ်တာ ဘာမှ မှားယွင်းစရာ မရှိဘူး။ အခုလို ထောက်ခံတဲ့ နိုင်ငံတွေ ရှိလာတာကိုလည်း
အန်ကယ်တို့ ကြိုဆိုတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) တို့ကလည်း ကြိုဆိုခဲ့ကြပြီး ဟန်ဂေရီနိုင်ငံလိုပဲ
တခြားနိုင်ငံတွေ အနေနဲ့လည်း ပါဝင်ထောက်ခံလာဖို့ကို တောင်းဆိုတဲ့အကြောင်း ဗကသ ပြောခွင့်ရသူ ကိုဇာနည်က
ပြောဆိုခဲ့ပါတယ်။

“ကျနော်က အများကြီး ၀မ်းသာပါတယ်၊ ကြိုလည်း ကြိုဆိုပါတယ်၊ လေးလည်း လေးစားပါတယ်။ အဲဒီနိုင်ငံတွေက


ကျနော်တို့ကို လူသားချင်း စာနာတဲ့ အနေနဲ့၊ ကျနော်တို့နိုင်ငံက ပြည်သူတွေကို စာနာထောက်ထားတဲ့ အနေနဲ့ တခြား
ကမ္ဘာတ၀န်းမှာ ဖြစ်ထွန်းနေတဲ့ လူ့အခွင့်အရေးကို ကျနော်တို့နိုင်ငံသားတွေ ရစေချင်တဲ့၊ ဖြစ်စေချင်တဲ့ ပုံစံမျိုးနဲ့
လုပ်တဲ့အပေါ်မှာ ကျနော်တို့ အနေနဲ့ အရမ်းကို ၀မ်းမြောက်ပါတယ်၊ ဂုဏ်လည်းယူပါတယ်၊ ကျေလည်း
ကျေနပ်ပါတယ်။ အလားတူ ဟန်ဂေရီလို နိုင်ငံမျိုးတွေ အများကြီး ဖြစ်ထွန်းလာပါစေ။ ကျနော်တို့နဲ့
ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်လာနိုင်ပါစေလို့ ဆုတောင်းပါတယ်၊ တောင်းလည်း တောင်းဆိုပါတယ်။”

ဗကသ ပြောခွင့်ရသူ ကိုဇာနည် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကနေ စုံစမ်းစစ်ဆေးရေး


ကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ
ကင်တားနားရဲ့ အဆိုပြုချက်ကို ဟန်ဂေရီနိုင်ငံက ပါဝင် ထောက်ခံလာတဲ့အပေါ် EPCB အပါအ၀င် NLD နဲ့ နိုင်ငံရေး
အင်အားစု အဖွဲ့တွေက ကြိုဆိုတဲ့အကြောင်း ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Source:http://www.voanews.com/burmese/news/myanmar-humanright-enquiry-hungary-
102286404.html

၂၀၁၀ ရွေးကောက်ပွဲ မဲမပေးရေး ပြည်တွင်းလှုပ်ရှားမှု စတင်


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က ဦးဆောင်ပြီး စစ်အစိုးရက ကျင်းပမယ့် ၂၀၁၀
ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခု ရန်ကုန်မှာ မနေ့က စတင်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး
မသင်္ကာတဲ့ လူငယ်တချို့ကို အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့
မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂ (ဗလသ) နဲ့


အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (အကသ) တို့ ပူးပေါင်းပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မဲမထည့်ကြဖို့ NO
Campaign လှုပ်ရှားမှုကို မနေ့က လုပ်ခဲ့ကြတာပါ။ ရန်ကုန်တိုင်း တာမွေမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မြောက်ဒဂုံ၊
စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်နဲ့ အင်းစိန်မြို့နယ်တွေမှာ လှုပ်ရှားခဲ့တာဖြစ်ပြီး အဓိကအားဖြင့် လူစည်ကားရာ
ဈေးတွေမှာ စာရွက်တွေကို ညဘက်မှာ လိုက်ကပ်ခဲ့ကြသလို တခြားနည်းလမ်းတွေနဲ့လည်း ဒီစာတွေကို
ဖြန့်ကြဲခဲ့တဲ့အကြောင်း ဗကသ ပြောခွင့်ရသူ ကိုဇာနည်က အခုလို ပြောပြပါတယ်။

“ကျနော်တို့ကတော့ ညဘက်တွေမှာ သွားပြီးတော့ NO ဆိုတဲ့ ဆိုင်းဘုတ်တွေ၊ နောက်တခါ ၂၀၁၀ မှာ Cross (X)
ဖြစ်တဲ့အတွက် စာရွက်တွေ အဲဒါတွေ နီးစပ်ရာတွေမှာ လိုက်ကပ်လိုက်တယ်။ လိုက်ကပ်ပြီး ဒီညပြီးတော့ နောက်နေ့
မနက်မိုးလင်းတော့မှ လူတွေက အပြင်ထွက်လာတယ်။ ဈေးဝယ်ထွက်မယ်၊ ရုံးသွားမယ်၊ ကျောင်းသွားမယ်။
အဲဒီအခါမှာ ဒီဟာတွေကို မြင်ရပါတယ်။ နောက်တခု ကျနော်တို့က မိုးပျံပူဖောင်းနဲ့ စာကြဲပါတယ်။ ဘတ်စ်ကားတွေ
ခေါင်မိုးပေါ်မှာ တင်ထားတယ်။ ကားမောင်းထွက်သွားတဲ့အခါ စာရွက်တွေ လေထဲမှာ ပြန့်လွင့်ပြီး ကျလာတယ်။
အဲဒီလိုပုံစံမျိုးတွေနဲ့ ကျနော်တို့ လှုပ်ရှားပါတယ်။

“အဓိက မြောက်ဥက္ကလာ၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ အဲဒီနေရာတွေက အဓိကပဲ။ ကျန်တဲ့နေရာတွေကတော့ လုပ်တယ်၊


ဒါပေမဲ့ နည်းပါတယ်။ အဓိကတော့ ဈေးတွေဗျ။ ဈေးတွေမှာ အဓိက လုပ်ရခြင်း အကြောင်းရင်းက ဈေးဆိုတာ မနက် ၅
နာရီခွဲ၊ ၆ နာရီဆို ဈေးထွက်လာပြီ။ ပြီးတော့ ဈေးဖြစ်တဲ့အတွက် ဒီဟာနဲ့ ပတ်သက်ပြီးတော့ လူစုံရောက်တယ်။
လူထုဆီကို တိုက်ရိုက်ရောက်မယ်လို့ ကျနော်တို့က ယူဆတယ်။ ဈေးတို့၊ ကားဂိတ်တို့ကို ဦးစားပေးပြီး လုပ်တယ်။”

ဒီလှုပ်ရှားမှုနဲ့ ပတ်သက်လို့ အခုအခါ အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်လာနေပြီး မသင်္ကာတဲ့


တက်ကြွလှုပ်ရှားသူ လူငယ်တချို့ကို ခေါ်ယူစစ်ဆေး မေးမြန်းတာမျိုးတွေ လုပ်ခဲ့တယ်လို့လည်း ကိုဇာနည်က
ဆက်ပြောပြခဲ့ပါတယ်။

“အဲဒီဝန်းကျင်မှာရှိတဲ့ သူတို့ Activists လို့ ယူဆတဲ့လူတွေကို ခေါ်တွေ့တယ်။ ခေါ်တွေ့ပြီး အဲဒါမျိုး သူတို့အနေနဲ့


ဒီဟာတွေကို တရားခံ မတွေ့ဘူးဆိုရင်တော့ မသင်္ကာမှုနဲ့ ခင်ဗျားတို့ကိုပဲ ဖမ်းရမှာပဲ၊ ဘာညာ အစရှိတဲ့
ခြိမ်းခြောက်တာမျိုးတွေ ရှိပါတယ်။ အဲဒါတွေကို သူတို့အနေနဲ့ ကမန်းကတန်းဖြုတ်တယ်၊ လဲတယ်။ ပြီးတော့
သံသယရှိနိုင်တဲ့ လူတွေကို လိုက်ပြီး စစ်ဆေး မေးမြန်းကြတယ်။ ခြိမ်းခြောက်ပြီး ပြန်လွှတ်လိုက်တယ်။
ဖမ်းတာမျိုးတော့ မရှိဘူး။”

ဒါ့အပြင် သူတို့ ဗကသ၊ ဗလသ၊ အကသ ကျောင်းသားအဖွဲ့တွေ အနေနဲ့ ဒီ NO Campaign လှုပ်ရှားမှုကို နိုဝင်ဘာလ
၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲ မပြီးမချင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဗကသ
ပြောခွင့်ရသူ ကိုဇာနည်က ဆက်ပြောပြခဲ့ပါတယ်။

“ဒီဥစ္စာကတော့ ကျနော်တို့ကို အခြေအနေပေးရင် ပေးသလို ကျနော်တို့ လှုပ်ရှားနေကြမှာပဲလေ။


အရမ်းဖိနှိပ်လာရင်တော့လည်း ပြန်ဖျောက်မယ်၊ အခွင့်သာရင် ပြန်လှုပ်ရှားမယ်။ ဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲ
မတိုင်မချင်း ကျနော်တို့ အနေနဲ့ လုပ်နိုင်သလောက် အစွမ်းကုန် ကြိုးစားပြီး လုပ်နေကြမှာပါပဲ။”

မနေ့က ရန်ကုန်တိုင်း မြို့နယ်တချို့မှာ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်တဲ့ NO Campaign လှုပ်ရှားမှုကို


ဗကသ၊ ဗလသနဲ့ အကသ ကျောင်းသားအဖွဲ့ ၃ ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်လို့ ဗကသ ပြောခွင့်ရသူ
ကိုဇာနည် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီ ၂၀၁၀ ရွေးကောက်ပွဲကိုပဲ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှောက်ခဲ့ပြီး ပြည်သူတွေ အနေနဲ့


မဲမပေးလိုရင် မဲမပေးဘဲ နေနိုင်တဲ့ အကြောင်းနဲ့ NLD ပါတီကိုမှ မဲပေးလိုသူတွေ အနေနဲ့လည်း မဲမပေးဘဲ နေကြဖို့
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြောဆိုခဲ့ပါတယ်။

Source:http://www.voanews.com/burmese/news/myanmar-election-no-campaign-abfsu-
102287019.html
ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းချက် တိုင်းရင်းသား တပ်ဖွဲ့များ ကြိုဆို
စစ်အစိုးရနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား မပြေလည်မှုများအား
ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့်သာ အဆင်ပြေမည်ဟူသည့် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းပြောကြားချက်ကို
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ကြိုဆိုလိုက်သည်။

နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ပြီးခဲ့သော စနေနေ့က တွေ့ဆုံခဲ့ရာတွင်


ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏
ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေ အာဏာပိုင်တွေနဲ့ မပြေမလည် ဖြစ်နေတဲ့ ကိစ္စတွေကို


သူစိတ်မကောင်းတဲ့အကြောင်း၊ ဒီကိစ္စတွေဟာလည်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး အဖြေရှာမှ ရေရှည်
အကျိုးရှိမယ်ဆိုတဲ့အကြောင်း ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရှေ့နေ ဦးကြည်ဝင်းနှင် ဒေါ်ခင်ဌေးကြွယ်တို့လည်း သွားရောက်ခဲ့ကြပြီး NLD


အဖွဲ့ချုပ်နှင့် ပတ်သက်သော ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သော ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (SSA-S) နှင့် ကရင်အမျိုးသား
အစည်း အရုံး (KNU) တို့မှ ပြောရေးဆိုခွင့် ရှိသူတို့က ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်း ပြောကြားချက်ကို
ကြိုဆိုလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည် ပြောသလို တိုင်းရင်းသား နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးမှ


မြန်မာပြည် အရေးဟာ ပြေလည်မှာ ဖြစ်တယ်” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလားတပ်ဖွဲ့သည်
စစ်အစိုးရက ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံသေးကြောင်း သိရှိရသည်။

ယခုလဆန်းပိုင်းတွင်လည်း မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံပါက


တရားမဝင် အဖွဲ့အစည်းအဖြစ်ကြေညာပြီး နဂိုမူလအတိုင်း လက်နက်ကိုင် သောင်းကျန်းသူအဖြစ် ပြန်လည်
သတ်မှတ်မည်ဖြစ်ကြောင်း စစ်အစိုးရက ထုတ်ဖော် ပြောဆိုထားသည်။

သြဂုတ်လကုန်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို အပြီးသတ်


ငြင်းဆိုထားပြီးဖြစ် သည်။

စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားသော်လည်း ၂၀၀၈


ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေပြုသည့် ရွေးကောက်ပွဲသည် တိုင်းရင်းသားများ၏ အခွင့်အရေးများအား
တစုံတရာ အာမခံချက် မရှိသည့်အတွက် ကန့်ကွက်ကြောင်း နော်စီဖိုးရာစိန်က ပြောသည်။

တချိန်တည်းတွင်ပင် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို


သပိတ်မှောက်ရန် ပြီးခဲ့သည့် သောကြာနေ့က ဆုံးဖြတ်ခဲ့ကြောင်း၊ CRPP အဖွဲ့ဝင် လွှတ်တော်အမတ် ၂၅၁ ဦးက
ယင်းဆုံးဖြတ်ကို ထောက်ခံကြောင်း သတင်းများအရ သိရှိရသည်။

စစ်အစိုးရအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုခဲ့သည့်အတွက် NLD က ၁၉၉၈ ခုနှစ်


စက်တင်ဘာ ၁၆ ရက်နေ့တွင် CRPP ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌမှာ ဦးအောင်ရွှေ ဖြစ်သည်။

NLD သည် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရေးအတွက် ပါတီဆက်လက်တည်ထောင်ခွင့် မလျှောက်ထားရန် ပြီးခဲ့သည့်


မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီး ပြီးခဲ့သည့်လ ၁၉ ရက်နေ့တွင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန်
ထပ်မံဆုံးဖြတ်ထားပြီး ဖြစ်သည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင်များအနေဖြင့် မဲမပေးဘဲ နေပိုင်ခွင့်ရှိကြောင်း


လွန်ခဲ့သည့် ဇူလိုင်လ အတွင်း ရှေ့နေများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

စစ်အစိုးရ၏ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်က NLD ၏ တရားဝင် ရပ်တည်မှုကို ပယ်ဖျက်ခြင်းနှင့်


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တရားဝင်ရပ်တည်ခွင့် ပယ်ဖျက်ခံရသည့်အပေါ် NLD ပါတီက နအဖကို ဧပြီ ၂၉
ရက်တွင် တရားစွဲဆိုခဲ့သော် လည်း ရန်ကုန်တိုင်း တရားရုံးက မေ ၅ ရက် နေ့တွင် ပယ်ချခဲ့သည်။
Source:http://www.irrawaddy.org/bur/index.php/news/1-news/3996-2010-09-06-11-21-44

စီးပွားရေးသမား ၁၀ ဦးထက်မနည်း ကြံ့ဖွံ့ပါတီမှ ဝင်ပြိုင်မည်


နာမည်ကြီး စီးပွားရေးသမား ၁၀ ဦးထက်မနည်း ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇေကမ္ဘာ ဦးခင်ရွှေ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ


ဦးဝင်းမြင့်၊ A.C.E ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်း၊ အေ၀မ်း ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးရန်ဝင်း၊
ယုဇန ဦးဌေးမြင့်၊ ဆန်ကုန်သည်ကြီး ဦးအောင်သန်းဦး၊ ဆန်စက်လုပ်ငန်းရှင် ဦးတင်ဝင်း အပါအ၀င် နာမည်ကြီး
စီးပွားရေးသမားကြီး ၁၀ ဦးထက်မနည်း ကြံ့ဖွံ့ပါတီကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟု ရန်ကုန်တိုင်းရှိ
ကြံ့ဖွံ့ပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ကြံ့ဖွံ့ပါတီက အဆိုပါ စီးပွားရေးသမားများကို ပါတီကိုယ်စားပြု အမတ်လောင်းများအဖြစ် ရွေးကောက်ပွဲတွင်


ပါဝင်ယှဉ်ပြိုင်ရန် တာဝန်ပေးအပ်ခဲ့ခြင်းကြောင့် ၀င်ရောက်ယှဉ်ပြိုင်ရန် သဘောတူထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စီးပွားရေးသမား တော်တော်များများက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတွေအဖြစ်


ရွေးကောက်ပွဲဝင်ကြမယ်” ဟု အထက်ဖော်ပြပါ ကြံ့ဖွံ့ပါတီမှ တာဝန်ရှိသူက ပြောသည်။

ဇေကမ္ဘာ ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ကြံ့ဖွံ့ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်


ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့်
ကွမ်းခြံကုန်းမြို့နယ်များ စုပေါင်းထားသော အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) မှ ၀င်ရောက်
ရွေးချယ်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

ဦးခင်ရွှေသည် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဖြစ်ပြီး စီးပွားရေးနှင့် လူမှုရေး


အသင်းများတွင်လည်း နာယက၊ ဥက္ကဋ္ဌ ရာထူးများ ရယူထားသူဖြစ်ကာ ဆောက်လုပ်ရေးလုပ်ငန်း၊
ဟိုတယ်လုပ်ငန်းများကို အဓိက လုပ်ကိုင်နေသူဖြစ်သည်။

UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် (တန့်ဆည်၊ ကန့်ဘလူ၊ ရေဦး၊ ကျွန်းလှ) မြို့နယ်များကို
ကိုယ်စားပြု၍ အမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မဲဆန္ဒနယ် (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု
သိရသည်။
ဦးဝင်းမြင့်သည် ရွှေနဂါးမင်းကုမ္ပဏီကို ပိုင်ရှင်ဖြစ်ပြီး ဆန်စပါးနှင့် ပဲမျိုးစုံ တင်ပို့ရောင်းဝယ်ရေး အပါအ၀င်
လယ်ယာထွက်ကုန် သီးနှံများ ပြည်ပတင်ပို့ ရောင်းချခြင်းလုပ်ငန်းကို အဓိက လုပ်ကိုင်နေပြီး ဇေယျာရွှေမြေ
ဘောလုံးအသင်းပိုင်ရှင်လည်း ဖြစ်သည်။

ယုဇန ဦးဌေးမြင့်သည် တနင်္သာရီတိုင်း မြိတ်မြို့နယ်ကို အခြေပြုထားသည့် မဲဆန္ဒနယ်တွင် ကြံ့ဖွံ့ပါတီ၏


အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ဦးဌေးမြင့်သည်
ယုဇနဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ စားအုန်းဆီ ထုတ်လုပ်ရေးလုပ်ငန်း၊ ရေထွက်ပစ္စည်း
ရောင်းဝယ်ရေးလုပ်ငန်း အပါအ၀င် စီးပွားရေးလုပ်ငန်း အများအပြားကို လုပ်ကိုင်နေသူဖြစ်သည်။

A.C.E ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းသည်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်


အရွေးချယ်ခံမည်ဖြစ်ပြီး A.C.E ကုမ္ပဏီသည် နေပြည်တော် တည်ဆောက်ရေးလုပ်ငန်း အများအပြားကို ကန်ထရိုက်
ရရှိခဲ့သော ကုမ္ပဏီ ဖြစ်သည်။ ဦးတင့်ဆန်းသည် နေပြည်တော် ယူနိုက်တက် ဘောလုံးအသင်းကိုလည်း
တည်ထောင်ထားသူ ဖြစ်သည်။

အေ၀မ်း ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးရန်ဝင်း၊ ပင်လယ်နဂါးကိုးကောင် ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး မြန်မာနိုင်ငံ


ဆန်စပါးအသင်း၏ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူ ဆန်ကုန်သည် ဦးအောင်သန်းဦး၊ ဆန်စက်လုပ်ငန်းရှင်
ဦးတင်ဝင်း တို့ကလည်း ကြံ့ဖွံ့ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် အစိုးရအာဏာပိုင်များ
တာဝန်ချထားသည့် မဲဆန္ဒနယ်မြေများမှ ၀င်ရောက် အရွေးချယ်ခံသွားမည်ဟု သိရှိရသည်။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုသော စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် ကြံ့ဖွံ့ပါတီ ရန်ပုံငွေအတွက်


အနည်းဆုံး ကျပ် သိန်း ၅၀၀ အလှူငွေ ထည့်ဝင်ရကြောင်း ကြံ့ဖွံ့ပါတီအသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။

ပြည်တွင်းနိုင်ငံရေးသမားတဦးက ကြံ့ဖွံ့ပါတီသည် စီးပွားရေးလုပ်ငန်းရှင်များက လှူဒါန်းသောငွေများ၊ အစိုးရပိုင်


ဘဏ္ဍာငွေများကို အသုံးပြုပြီး အတိုးမဲ့ငွေချေးခြင်း၊ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်ခြင်း အပါအ၀င်
လူမှုရေးလုပ်ငန်းများကို ဗန်းပြလုပ်ဆောင်ကာ မဲဝယ်မှုများ ပြုလုပ်နေသော အထောက်အထားများ ခိုင်ခိုင်မာမာ
ရရှိထားကြောင်း ထုတ်ဖော်ပြောဆိုသည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၂ ခု မှတ်ပုံတင်ခွင့်


ရရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အားစာရင်း တင်ပြသောပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်သည်။

သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းခဲ့ကြသော လွှတ်တော် ကိုယ်စားလှယ်လောင်းများ


တင်သွင်းမှုအပေါ် မူတည်၍ ဧရာဝတီ၏ တွက်ချက်မှုအရ ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
(တစည) နှစ်ပါတီသာလျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး
လွှတ်တော်များတွင် နိုင်ငံတ၀န်းလုံး၌ ယှဉ်ပြိုင်နိုင်မည်ကို တွေ့ရှိရသည်။
Source:http://www.irrawaddy.org/bur/index.php/news/1-news/3993-2010-09-06-09-32-09

ကုလ ကော်မရှင်ဖွဲ့ရေး ကနေဒါ ထောက်ခံ


သောမတ်စ်မောင်ရွှေ | တနင်္လာနေ့၊ စက်တင်ဘာလ ၀၆ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၅၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုလသမဂ္ဂက


ကော်မရှင်တရပ်ဖွဲ့၍ စုံစမ်းစစ်ဆေးရန် တိုက်တွန်းသည့် အနောက်နိုင်ငံ အစိုးရများ စာရင်းတွင် မိမိတို့နိုင်ငံလည်း
ပါဝင်လိမ့်မည်ဟု ကနေဒါ နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

ယခုနှစ် သြဂုတ်လလယ်တွင် အမေရိကန် အစိုးရက ကော်မရှင်ဖွဲ့ စစ်ဆေးရေးကို ထောက်ခံကြောင်း


ကြေညာခဲ့ပြီးနောက် ကနေဒါ ဝန်ကြီးချုပ် မစ္စတာ စတီဖင်ဟားပါး ဦးဆောင်သည့် ကွန်ဆာဗေးတစ်ပါတီ
အစိုးရသည်လည်း ယင်းအဆိုကို ထောက်ခံရန် ပြည်တွင်းပြည်ပမှ ဖိအားပေးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
“ကနေဒါဟာ ကုလလူ့အခွင့်အရေး သံတမန်အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ
စစ်အစိုးရရဲ့ လူအခွင့်အရေး ချိုးဖောက်နေမှုတွေအကြောင်း တင်ပြချက်နဲ့
စစ်အစိုးရကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ကော်မရှင်တရပ်ဖွဲ့ပြီး
စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းချက်တွေကို သဘောတူပါတယ်” ဟု ကနေဒါ
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Catherine Loubier က
ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန် မစ္စတာ သောမတ်(စ်) အိုဂျေ
ကွင်တားနားကို ကနေဒါ နိုင်ငံခြားရေးဝန်ကြီး လောရင့်(စ်)ကန်နွန်၏
ထောက်ခံမှုကို ရည်းညွှန်းကိုးကား၍ ပြောကြားခဲ့သည်။

“ကျမတို့အနေနဲ့ ကုလလူ့အခွင့်အရေး သံတမန်က ကုလသမဂ္ဂ အထွေထွေ


ညီလာခံမှာ တင်ပြမယ့် အကြံပြုချက်တွေကို နိုင်ငံတကာက
မဟာမိတ်တွေနဲ့အတူ ထောက်ခံသွားမှာပါ” ဟု သူက ဆိုသည်။
Photo: Burma Campaign UK

ယခုနှစ် မတ်လက ကုလလူ့အခွင့်အရေး သံတမန် ကွင်တားနားက ကုလလူ့အခွင့်အရေး ကောင်စီထံ


အစီရင်ခံစာတစောင် တင်ပြခဲ့ရာ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုသည် စနစ်တကျ ကျူးလွန်သည့်
ပုံစံဖြစ်နေပြီး အစိုးရအရာရှိများ၊ စစ်အာဏာပိုင်များနှင့် တရားရေးရာဌာနများကပါ ပါဝင်ကျူးလွန်နေသည့်
ပုံစံမျိုးဖြစ်သည်ဟု ပါရှိသည်။ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏
ဖွင့်ဆိုသတ်မှတ်ချက်အရ လူသားချင်း စာနာထောက်ထားမှုနှင့် လူ့အဖွဲ့အစည်းတခုလုံးကို ဆန့်ကျင်သည့်
စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

မစ္စတာကွင်တားနားက ထိုအစီရင်ခံစာထဲတွင် စစ်အစိုးရ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်


နိုင်ငံတကာ ရာဇဝတ်မှုများကို ကော်မရှင်ဖွဲ့၍ ကော်မရှင် လုပ်ပိုင်ခွင့်အာဏာဖြင့် ထပ်မံအသေးစိတ် စုံစမ်းစစ်ဆေးရန်
ကုလသမဂ္ဂကို အကြံပြု တိုက်တွန်းထားသည်။

ကနေဒါ ဖက်ဒရယ် ပါလီမန်တွင် ကိုယ်စားပြုပါဝင်သည့် ကနေဒါ အတိုက်အခံပါတီ ၃ ခုကလည်း လွန်ခဲ့သည့် ၁ဝ


ရက်ခန့်က စစ်အစိုးရကို စုံစမ်းစစ်ဆေးရေး ထောက်ခံရန် အစိုးရကို တိုက်တွန်းသည့် ထုတ်ပြန်ချက်များ
ထုတ်ဝေခဲ့သည်။

သြဂုတ်လ ၂၅ ရက်နေ့ကလည်း ဘားမားကမ်ပိန်း (ယူကေ) မှ ဇိုရာဖန်း ဦးဆောင်သည့် မြန်မာအတိုက်အခံအဖွဲ့က


လန်ဒန်ရှိ ကနေဒါ သံရုံးရှေ့၌ ကုလက စစ်ဆေးရေးကို ထောက်ခံတိုက်တွန်းရန် ကနေဒါမှာ နှေးကွေးနေသည်ဟု
ဆန္ဒပြကာ ပြောဆိုခဲ့သည်။

ကနေဒါ အစိုးရ၏ ထုတ်ပြန်ကြေညာချက်အပြီး Ottawa မြို့ အခြေစိုက် ကနေဒါနိုင်ငံ မြန်မာ့မိတ်ဆွေများအဖွဲ့ CFOB မှ


အလုပ်အမှုဆောင် ဒါရိုက်တာ တင်မောင်ထူးက အဖွဲ့၏ ကြေညာချက်ထဲတွင် မစ္စတာဟားပါး၏ ကနေဒါ အစိုးရအဖွဲ့ကို
ကုလ၏ ကော်မရှင်ဖွဲ့စစ်ဆေးရေးကို ထောက်ခံသည့် ဆုံးဖြတ်ချက်မျိုး ချမှတ်လာစေရန် ဖိအားပေးခဲ့ကြသူ
အားလုံးအပေါ် ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။
“ကျနော့်အနေနဲ့ ကနေဒါ အစိုးရကို အခုလို ဆုံးဖြတ်ချက်မျိုး ချမှတ်လာစေဖို့ ဖိအားပေးခဲ့ကြတဲ့ ကနေဒါနိုင်ငံအတွင်းနဲ့
ကမ္ဘာအရပ်ရပ်က မိတ်ဆွေအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” ဟု ကိုတင်မောင်ထူးက
ပြောသည်။

ကော်မရှင်ဖွဲ့ရေးကို ထောက်ခံကြောင်း ကြေညာခဲ့သည့် အခြားနိုင်ငံများမှာ အမေရိကန်၊ ဗြိတိန်၊ ဆလိုဗက်ကီးယား၊


သြစတြေးလျနှင့် ချက်သမ္မတနိုင်ငံတို့ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI ကလည်း ထောက်ခံ

နိုင်ငံတကာမှ တက်ကြွလှုပ်ရှားသူများ ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ AI ကလည်း


မြန်မာစစ်အစိုးရကို စစ်ဆေးရေးအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တောင်းဆိုလိုက်သည်။

စစ်အစိုးရကို စုံစမ်းစစ်ဆေးရာတွင် “စစ်အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့များက အရပ်သားများအပေါ် စနစ်တကျနှင့်


ကျယ်ပြန့်စွာ ကျူးလွန်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှုများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် လူနည်းစု ရိုဟင်ဂျာများ၊
ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုးများနှင့် မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ကရင်လူမျိုးများကို နှိပ်စက်ခဲ့မှုများ” အတွက်
အထူးစုံစမ်းစစ်ဆေးရန် AI က တိုက်တွန်းထားသည်။

“စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ မြန်မာစစ်တပ်က နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို ချိုးဖောက်ပြီးတော့


ရှမ်းပြည်နယ်နဲ့ မြန်မာပြည် အရှေ့ပိုင်းဒေသတွေမှာ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့စွာ ကျူးလွန်နေကြတဲ့
ရာဇဝတ်မှုတွေကိုလည်း စုံစမ်းစစ်ဆေးသင့်ပါတယ်” ဟု AI က ပြောဆိုလိုက်သည်။
Source:http://www.mizzimaburmese.com/news/regional/5980-2010-09-06-06-29-14.html

ပဲခူးလူငယ် ၂ ဦးပစ်သတ်ခံရမှု နောက်ဆက်တွဲ သတင်းနဲ့ သုံးသပ်ချက်


2010-09-06

ပဲခူးမြို့မှာ စနေနေ့ညက နယ်မြေခံစစ်တပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် လူငယ် ၂ ဦး သေဆုံးခဲ့ပြီး


နောက်ပိုင်း လုံခြုံရေး အထူး တင်းကြပ်ထားတယ်လို့ သိရပါတယ်။ သေဆုံးသူ လူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို
လောလော ဆယ် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ ထားပြီး မနက်ဖြန်သင်္ဂြိုဟ်ဖို့ စီစဉ်ထားကြောင်း
အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နယ်မြေခံစစ်တပ်က သေနတ်နှင့် ပစ်သတ်သောကြောင့် သေဆုံးခဲ့ရသည့်


ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက်နေ လူငယ်နှစ်ဦးထဲမှ မောင်စိုးပိုင်ဇော်၏ နာရေးဖိတ်ကြားစာ ဖြစ်ပါသည်။ (Image: RFA)
ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက်က လူငယ်နှစ်ဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် မောင်အောင်သူဟိန်းနဲ့ အသက် ၁၈
နှစ်အရွယ် မောင်စိုးပိုင်ဇော်တို့ဟာ ပဲခူးမြို့ ခြေလျင်တပ်ရင်း ၅၉က အရာရှိတဦးနဲ့ လက်ဖက်ရည်ဆိုင်မှာ
စကားများခဲ့ပြီးနောက် ညသန်းခေါင်ကျော်မှာ သူတို့ရဲ့နေအိမ်ကို အရာရှိနဲ့ တပ်သား ၁ဝ ဦး ရောက်လာပြီး သေနတ်နဲ့
ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

အခုလို အပြစ်မဲ့ ပြည်သူနှစ်ဦးကို ဥပဒေမဲ့ ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ နယ်မြေခံ စစ်တပ်ရဲ့ လုပ်ရပ်ကို (၈၈)
မျိုးဆက်ကျောင်းသားများအဖွဲ့အနေနဲ့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ကျောင်းသားခေါင်းဆောင်
တဦးဖြစ်သူ ကိုစိုးထွန်းက ပြောပါတယ်။

“လက်ရှိ ပဲခူးမြို့သူမြို့သားတွေ ခံစားနေရတာ ရေဘေးဒုက္ခပါပဲ။ စားဝတ်နေရေး ကြပ်တည်းမှုက တမျိုး၊ သဘာဝ


ဘေးအန္တရာယ်ကတမျိုးနဲ့ လူမှုဒုက္ခ အမျိုးမျိုး ခံစားနေရတဲ့အချိန်မှာ ပြည်သူလူထုကို ကူညီစောင့်ရှောက်ရမယ့် ဒီ
တပ်မတော် အစိုးရရဲ့ ဝန်ထမ်းတွေဖြစ်တဲ့၊ ပြည်သူ့ဘဏ္ဍာကို စားသုံးနေကြတဲ့ တပ်မတော်သားတွေက ခုလို
လက်နက်အားကိုးပြီး အနိုင်ကျင့်လိုက်တာ တကယ့်ကို မဖြစ်သင့်တဲ့ကိစ္စ ပေါ့ဗျာ။ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူး၊
ငါတို့ လုပ်ချင်ရာလုပ်မယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ပြည်သူ့ အခွန်ဘဏ္ဍာနဲ့ ဝယ်ပြီးတော့ ပြည်သူကို
ကာကွယ်စောင့်ရှောက်ဖို့ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူးဆိုတာ
ပြသလိုက်တာ ဖြစ်တဲ့အတွက် ဒါကို ကျနော်တို့ လုံးဝ ရှုတ်ချတယ်”

စစ်အစိုးရအနေနဲ့ အခုကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ နောက်နောင် အလားတူ ကိစ္စမျိုးတွေ


မပေါ်ပေါက်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ အနေနဲ့ တိုက်တွန်းကြောင်း
ကိုစိုးထွန်းက ပြောပါတယ်။

တချိန်ထဲမှာ အမှုခင်းဖြစ်ပွားတဲ့ ပဲခူးမြို့နယ်ဟာ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပါတီဥက္ကဌ ဖြစ်သူ


ဦးသိန်းဌေး ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်ဖြစ်လို့ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေက
စုံစမ်းဖော်ထုတ်ပေးဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးအတွက် လက်ရှိ အာဏာယူထားတဲ့
ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်ပိုင်းအနေနဲ့ ပူးပေါင်း ဖြေရှင်းပေးဖို့ ယူဒီပီ ပါတီ အလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့
ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို အာအက်ဖ်အေ ၀ိုင်းတော်သူ မခင်ခင်အိ


ဆက်သွယ်မေးမြန်း တင်ပြထားတာကို အပြည့်အစုံ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဒီပစ်သတ်မှုအပေါ် ဥပဒေကြောင်းအပြင် လူ့အခွင့်အရေးရှုထောင့်က သိနိုင်ဖို့ ရန်ကုန်အခြေစိုက် ဥပဒေအကြံပေး
ရှေ့နေ ဦးအောင်သိန်းနဲ့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ရှေ့နေ ဦးသိန်းဦးကို
အာအက်ဖ်အေ ၀ိုင်းတော်သား ဦးဝင်းနိုင်က မေးမြန်းပြီး တင်ပြထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။

Source:http://www.rfa.org/burmese/news/update_88_Gen_students_denounces_Bago_shooting-
09062010155600.html

ကြံ့ဖွံ့ တစည ကို စတိုက်ပြီ


ရန်ကုန်တိုင်းအတွင်းရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၅ တွင် ကြံ့ဖွံ့ပါတီ ကိုယ်စားပြု
ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဗိုလ်မှူးကြီးဟောင်း ဦးဝင်းနောင်သည်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကို မဲမပေးရန် ပုတ်ခတ်ပြောဆိုနေသည်ဟု သိရသည်။
“ဦးဝင်းနောင်က တစညပါတီ
မကောင်းတဲ့အကြောင်း၊ ဒီပါတီမကောင်းခဲ့လို့
တိုင်းပြည် ရေတိမ်နစ်ခဲ့ရကြောင်း။ တစည ပါတီကို
ပြည်သူတွေ မဲမပေးချင်အောင်
ကြံ့ဖွံ့ပါတီဝင်တွေအနေနဲ့ စည်းရုံးသွားဖို့
လိုတယ်ဆိုတဲ့ အကြောင်း ပြောတယ်” ဟု ဗဟန်း
မြို့နယ်မှ ကြံ့ဖွံ့ပါတီတာဝန်ရှိ သူတဦးက
ပြောသည်။

ဦးဝင်းနောင်သည် တစည ပါတီအပေါ်


ဦးအောင်သိန်းလင်းက ရန်ကုန်တိုင်း ပြည်ထောင်စု ပုတ်ခတ်ဝေဖန်မှု များကို မြို့နယ်အမာခံ ကြံ့ဖွံ့
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ရုံးချုပ်ကို ပါတီဝင်များနှင့် တွေ့ဆုံပွဲများတွင်
ဖွင့်လှစ်ပေးနေစဉ် ပြောဆိုမှာကြားခြင်းဖြစ်ပြီး သူဝင်ရောက်ယှဉ်ပြိုင်မည့်
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၅ တွင် မရမ်းကုန်းမြို့နယ်၊ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ စမ်းချောင်းမြို့နယ်၊
ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ် စုစုပေါင်း မြို့နယ် ၆ မြို့နယ်ပါဝင်သည်။

“ဦးဝင်နောင်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းဆိုတော့ အခုမြို့နယ် ၆ မြို့နယ်က ပြည်ခိုင်ဖြိုး ပါတီဝင်


တွေနဲ့တွေ့ပြီး မဲဆွယ်လှုပ်ရှားမှုတွေ စ လုပ်နေတယ်” ဟု အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၅ အတွင်းရှိ
မြို့နယ်တခု၏ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ တဦးက ဆိုသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီက မဲဆန္ဒနယ်အားလုံးတွင် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားချိန်၌


တစည ပါတီကလည်း လွှတ်တော်အမတ်လောင်း ၉၈၀ ဦး အမည်စာရင်း တင်သွင်းလိုက်ရာ ပါတီ ၂ ခုမှာ အဓိက
ပြိုင်ဘက်များ သဖွယ်ဖြစ်လာရသည်။

ကြံ့ဖွံ့ပါတီကို စိန်ခေါ်နိုင်သည့် ပါတီသည် တစည တခုသာရှိပြီး တစည ပါတီမှာ ယခင်က တန်ခိုးသြဇာ


ကြီးထွားခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ပေါက်ဖွားလာသော ပါတီဖြစ်သည့်အပြင် ထိပ်တန်း
ခေါင်းဆောင်များသည် စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်သည့်အတွက် ယခု ရွေးကောက်ပွဲတွင် အကြိတ်အနယ် နိုင်ငံရေး
အားစမ်းပွဲကြီး ဖြစ်လာမည်ဟု ပြည်တွင်း နိုင်ငံရေးသမားတဦးက ခန့်မှန်းသည်။

“အာဏာရှိနေတဲ့ သူတွေနဲ့ အာဏာရှိခဲ့ဖူးသူတွေ ပြိုင်ကြမယ့်ပွဲပဲ။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့မယ့်ပွဲပဲ။ ကြံ့ဖွံ့ပါတီ


ကလိန်ကကျစ် ကျနေတာကိုလည်း တစည က သိနေတယ်။ ဒီပွဲမှာ တစညနဲ့ ကြံ့ဖွံ့ ရန်သူတွေလိုဖြစ်သွားနိုင်တယ်။
ဒါပေမယ့် အာဏာလက်ရှိနဲ့ အာဏာလက်မဲ့မှာ အာဏာလက်ရှိက ပိုပြီးအားသာမှာပါ” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီအများစုတွင် မဲဆန္ဒနယ် ၁၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်နိုင်သော ပါတီ ၂


ခုခန့်သာရှိပြီး ကြံ့ဖွံ့ပါတီနှင့် တစညပါတီတို့သာ ထိပ်တိုက် ရင်ဆိုင်ကြရမည့် မဲဆန္ဒနယ် အများအပြား ရှိနေသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ


ကော်မရှင်တွင် နိုင်ငံရေးပါတီ ၄၇ ခု မှတ်ပုံတင်ရန် လျှောက်ထားပြီး ၄၂ ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။
မှတ်ပုံတင်ခွင့်မရသည့် ပါတီ ၅ ခု အနက် ကချင်ပြည်နယ် တိုးတက်ရေးပါတီ၊ ရှမ်းပြည်နယ် မြောက်ပိုင်း
တိုးတက်ရေးပါတီ၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ ပါဝင်သည်။

ထို့ပြင် မှတ်ပုံတင်ခွင့်ရရှိသော နိုင်ငံရေးပါတီများတွင်လည်း မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊


မြန်မာ့ဒီမိုကရေစီ ကွန်ကရက်နှင့် ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်တို့မှာ ရွေးကောက်ပွဲဝင်ရန်
ငွေကြေးအခက်အခဲနှင့် အချိန် အခက်အခဲကြောင့် သတ်မှတ်ရက်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း
အမည်စာရင်း မတင်သွင်းနိုင်ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံရေးပါတီတခုသည် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊


အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် တရပ်ရပ်အနက် အနည်းဆုံး
မဲဆန္ဒနယ် ၃ နယ်တွင် လွှတ်တော် ကိုယ်စားလှယ် လောင်းများ ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုသို့ ဝင်ရောက်
ယှဉ်ပြိုင်နိုင်ခြင်းမရှိလျင် ပါတီ ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း
၃၊ ပုဒ်မ ၁၂ (က) တွင် တရားဝင် ပြဋ္ဌာန်းထားသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3991-2010-09-06-09-16-47

ရွေးကောက်ပွဲကို CRPP သပိတ်မှောက်


မြင့်မောင် | တနင်္လာနေ့၊ စက်တင်ဘာလ ၀၆ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၅၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ရွေးကောက်ပွဲတွင် မဲမပေးဘဲ သပိတ်မှောက်ရန် မြန်မာပြည်တွင်းရှိ


ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP က ပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်၌ ယခုလ ၃ ရက်နေ့တွင် ကျင်းပခဲ့သည့် CRPP အဖွဲ့ဝင် ၉


ဦး တက်ရောက်သော အစည်းအဝေးက စစ်အစိုးရ ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲ ဥပဒေအရ မဲမပေးဘဲ နေနိုင်သည့်
အခွင့်အရေး ရှိသဖြင့် ပြည်သူများအနေဖြင့် မဲရုံသို့ မသွားဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် အခန်း (၁) အပိုဒ်၂ (ဎ) တွင် ဖော်ပြထားသည့်


ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးနှင့် မဲမပေးဘဲ နေနိုင်သော အခွင့်အရေးရှိကြောင်း ရေးထားသည့် စာရွက်

“သပိတ်မှောက်တယ် ဆိုတာကတော့ ပြည်သူတွေအနေနဲ့ ဒီရွေးကောက်ပွဲဟာ မိမိအတွက်၊ ပြည်သူတွေအတွက်၊


တိုင်းပြည်အတွက် အကျိုးမရှိဘူးလို့ သိမြင်လာရင် ရွေးကောက်ပွဲကို မဲဆန္ဒမပေးဘဲလည်း နေနိုင်တဲ့ အခွင့်အရေး
ရှိတယ်ဆိုတဲ့ သဘောထားပါပဲ” ဟု CRPP အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။
ဇိုမီးအမျိုးသားကွန်ကရက် ZNC ဥက္ကဋ္ဌ ပူးကျင်ရှင်းထန်က “၂ဝဝ၈ အခြေခံဥပဒေကို အတည်ဖြစ်ဖို့ လုပ်တဲ့
ရွေးကောက်ပွဲ။ ဒီအခြေခံဥပဒေကို အစကတည်းက ကန့်ကွက်တယ်။ ဥပဒေရေးဆွဲတုန်းကလည်း ကန့်ကွက်ပြီး
ဥပဒေရေးဆွဲရေး ခန်းမကနေ ထွက်ခဲ့တယ်။ ဒီရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေတွေ လုပ်တာတွေ၊ လွှတ်တော်အမျိုးမျိုး
လုပ်တာတွေ ဘယ်ကလာလဲဆိုတော့ အခြေခံ ဥပဒေက လာတာ။ ဒီအခြေခံ ဥပဒေတွေက အတည်မဖြစ်သေးတဲ့
ဥပဒေကို အခြေခံပြီး လုပ်တာက ဥပဒေနဲ့ မညီဘူး၊ မမှန်ဘူး။ အဲဒီအတွက် ကျနော်တို့က ဒီရွေးကောက်ပွဲကို
သပိတ်မှောက်တာ” ဟု ပြောသည်။

သပိတ်မှောက်မှုနှင့် ပတ်သက်၍ CRPP ခေါင်းဆောင်များက NLD ခေါင်းဆောင်များနှင့်အတူ တိုင်းနှင့် ပြည်နယ်များသို့


စည်းရုံးရေး ခရီးစဉ်များတွင် လိုက်ပါရှင်းပြပြီး တိုင်းရင်းသားများ ရင်ဆိုင်နေရသည့် အခက်အခဲနှင့် ဒုက္ခပြဿနာများကို
ဆွေးနွေးသွားမည်ဖြစ်သည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ၂ဝဝ၈ အခြေခံ ဥပဒေကို


လက်မခံနိုင်သဖြင့် နှစ်ဖက်အကြား တင်းမာလာပြီး ပြည်တွင်းစစ်မီး တောက်လောင်လာမည်ကို စိုးရိမ်ကြောင်း CRPP
အစည်းအဝေးတွင် ဆွေးနွေးခဲ့သေးသည်။

ဒီမိုကရေစီနှင့် တိုင်းရင်းသား အခွင့်အရေးကို ဖော်ဆောင်ပါက ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံ


ဥပဒေကို ပြဋ္ဌာန်းနိုင်မှသာ ပြည်တွင်စစ်ချုပ်ငြိမ်းကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သည့် ပြည်ထောင်စု
နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု ဦးအေးသာအောင်က ပြောသည်။

NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုကော်မတီဝင် ဦးဝင်းတင်၊ ဦးသန်းထွန်း၊


ဦးလှဖေ၊ ဦးညွန့်ဝေ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ
မဟာမိတ်အဖွဲ့မှ ဦးထောင်ကိုထန်း၊ ရခိုင်အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ ဒီမိုကရေစီပါတီမှ ဦးစိုးဝင်းနှင့်
ဇိုမီးအမျိုးသား ကွန်ကရက်မှ ပူးကျင်ရှင်းထန်တို့ အစည်းအဝေး
တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

CRPP CRPP ကို ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၈ဝ


ရာခိုင်နှုန်းကျော်တွင် အနိုင်ရခဲ့သည့် NLD နှင့် တိုင်းရင်းသား
ပါတီအချို့က လွှတ်တော်ခေါ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင်
ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ကွန်ကရက်ပါတီ အတွင်းရေးမှူး ဝေမှူးသွင်ကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်တော့မည်


မဟုတ်ကြောင်း မဇ္ဈိမကို ပြောဆိုလိုက်သည်။

“နိုင်ငံရေး ပါတီတွေအပေါ်မှာ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေ၊ တုံ့ပြန်ချက်တွေက လုံးဝ မကျေနပ်နိုင်ဘူး။


အဲဒီအတွက် ရွေးကောက်ပွဲ မဝင်တော့ဘူး။ ပါတီအနေနဲ့ တပါတီလုံး ကိုယ်စားလှယ်လောင်းအဖြစ် မတင်ဘူး။
တသီးပုဂ္ဂလအနေနဲ့ တင်တဲ့ လူတချို့လည်း ရှိတယ်။ ပါတီအနေနဲ့ အနည်းဆုံး ကိုယ်စားလှယ်လောင်း ၃
ယောက်တင်မှ ဆက်ပြီး ရပ်တည်နိုင်မယ်။ အခု ပါတီက တယောက်မှ မတင်တော့ဘူး။ ဘယ်လို ဆက်ဖြစ်မယ်ဆိုတာ
မပြောနိုင်သေးဘူး” ဟု ဦးဝေမှူးသွင်က ပြောသည်။

ထို့ပြင် ယမန်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ နေရာအချို့၌ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်မှ နုတ်ထွက်နိုင်သော


အခွင့်အရေးနှင့် မဲမပေးဘဲ နေနိုင်သော အခွင့်အရေးရှိကြောင်း ရေးထားသည့် စာရွက်များကို နိုင်ငံရေး
တက်ကြွလှုပ်ရှားသူ လူငယ်များက ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် အခန်း (၁) အပိုဒ်၂ (ဎ) တွင် ဖော်ပြထားသည့်


ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်
ပါဝင်ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲ နေနိုင်သည့် အခွင့်အရေး၊ လွှတ်တော်
ကိုယ်စားလှယ်လောင်း စာရင်းမှာ နုတ်ထွက်နိုင်သော အခွင့်အရေး၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး
သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုလိုသည်ဟု စာရွက်များတွင် ရေးသားထားသည်။
Source:http://www.mizzimaburmese.com/news/2010-election/5986--crpp-.html

You might also like